သုံးတတ်လျှင်ဆေး မသုံးတတ်လျှင်ဘေး

၁၃ ဒီဇင်ဘာ

 

ယနေ့လူထုကြားတွင် အရွယ်သုံးပါးမရွေး စိတ်ဝင်စားမှု အရှိဆုံး၊ ရေပန်းအစားဆုံး၊ အနှစ်သက်ဆုံး ပစ္စည်းတစ်မျိုးမှာ မိုဘိုင်းလ်ဖုန်း ဖြစ်သည်။ မိုဘိုင်းလ်ဖုန်းကို တစ်ဦးနှင့်တစ်ဦး ဆက်သွယ်ပြောဆိုရန်သာမက စိတ်ခံစားမှုနှင့် အသိအမြင် တိုးပွားစေရန်အတွက်ပါ အသုံးချလာနိုင်သဖြင့် လူတိုင်း လူတိုင်းအတွက် အသုံးဝင်သော ပစ္စည်းတစ်မျိုးဖြစ်လာသည်။ လူမှုဘဝ တိုးတက်ပြောင်းလဲလာသော ယနေ့အခါတွင် မိုဘိုင်းလ်ဖုန်းကို နိုင်ငံအတွင်းရှိ အရွယ်ရောက်သူအားလုံးနီးပါး အသုံးပြုနေသည်ကို တွေ့ရသည်။

 

မိုဘိုင်းလ်ဖုန်းအား မြတ်နိုးတန်ဖိုးထားလာမှု အနေအထားကို ကြည့်မည်ဆိုလျှင် ငွေကြေးတတ်နိုင်သူ လူငယ်၊ လူကြီးအများစုမှာ အမျိုးအစားအကောင်းဆုံး၊ နာမည်အရှိဆုံး၊ တန်ဖိုးအကြီးဆုံး၊ နည်းပညာ အမြင့်ဆုံး ဖုန်းအမျိုးအစားကိုသာ ကိုင်တွယ်အသုံးပြုလိုကြပြီး အချိန်နှင့်တစ်ပြေးညီ ပေါ်ထွက်နေသော မော်ဒယ်အမျိုးအစားတို့ကိုလည်း ပေါ်လျှင်ပေါ်ချင်း အလုအယက် ဝယ်ယူ တတ်ကြသည်ကို တွေ့ရသည်။

 

သာဓကအားဖြင့် နိုဝင်ဘာလ ရက်နေ့က ကမ္ဘာတစ်ဝန်းတွင် စတင်ဖြန့်ချိ ရောင်းချခဲ့သည့် အဖိုးတန် ဓာတ်သတ္တုပစ္စည်းများနှင့် အလှဆင်ထားသော iPhone X အမျိုးအစား မိုဘိုင်းလ်ဖုန်းဆိုလျှင် တန်ဖိုး အားဖြင့် အမေရိကန်ဒေါ်လာ ၄၇ဝဝ ကျော်ခန့် ဈေးရှိကာ မြန်မာငွေ တန်ဖိုးအားဖြင့် ကျပ် ၆၅ သိန်းခန့် တန်ရှိလေသည်။ အဆိုပါ မိုဘိုင်းလ်ဖုန်းကို ဝယ်ယူနိုင်ရန်အတွက် စတင်ရောင်းချမည့် ရက်မတိုင်မီကပင် ဝယ်ယူလိုသူများ ညအိပ်တန်းစီ စောင့်ဆိုင်းခဲ့ကြပြီး တစ်ဆင့်ပြန်လည် ရောင်းချသည်အထိ မှောင်ခိုဈေးကွက်ဖြစ်သွားခဲ့ရာ အဆင့်မြင့် မိုဘိုင်းလ်ဖုန်းတစ်လုံး ပိုင်ဆိုင်နိုင်ရန်အတွက် ရူးသွပ်မှုမှာ အံ့သြဖွယ်ဖြစ်သည်။

 

မြန်မာနိုင်ငံတွင်မူ ဤမျှလောက် ရူးသွပ်မှုမဖြစ်သော်လည်း လူတန်းစားမရွေး အဆင့်မြင့်မြင့် မိုဘိုင်းလ်ဖုန်း ကိုင်ဆောင်ရမည့်အရေးကို မျှော်လင့်ထားကြသည်။ အဆင့်မနိမ့် သင့်တင့်ကောင်းမွန်သော မိုဘိုင်းလ်ဖုန်းတစ်လုံး ပိုင်ဆိုင်နိုင်ရေးကို မြို့ပြတွင်သာမက ကျေးလက်လူတန်းစားများပါ မျှော်မှန်းတတ်ကြသည်။ ဝမ်းမဝလျှင်နေ၊ မိုဘိုင်းလ်ဖုန်း ကောင်းကောင်း လှလှလေးတစ်လုံး ပိုင်ဆိုင်နိုင်ရေးကို အားထုတ်တတ်ကြသည်။

 

မိုဘိုင်းလ်ဖုန်း ကိုင်တွယ်အသုံးပြုရေးမှာ ခေတ်နှင့်အညီမို့ အပြစ်ဟု မဆိုသာပါချေ။ သို့သော် ''သုံးတတ်လျှင်ဆေး၊ မသုံးတတ်လျှင်ဘေး'' ဆိုသကဲ့သို့ မိုဘိုင်းလ်ဖုန်းနှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များ များစွာရှိနေသည်ကို သတိမူရမည်ဖြစ်သည်။ မြန်မာနိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲ နိုင်ငံတစ်နိုင်ငံတွင် ဝင်ငွေနည်းသူ ပြည်သူအများစုအဖို့ မိုဘိုင်းလ်ဖုန်းကို စနစ်တကျ အသုံးပြုမှု မရှိပါက လူတစ်ဦးချင်းအလိုက် အနုတ်လက္ခဏာ ပြနိုင်သည်ကို သတိထားသင့်သည်။

 

မိုဘိုင်းလ်ဖုန်းကို အနိမ့်ဆုံးအဆင့် ဆက်သွယ်ပြောဆိုမှုအပြင် ကောင်းနိုးရာရာ၊ သန်ရာသန်ရာ အသုံးပြုလိုမှုအရ အင်တာနက်ကိုပါ ဖွင့်သုံးလေ့ရှိကြရာ သုံးစွဲမှု စက္ကန့်၊ မိနစ်၊ နာရီ ကြာသည်နှင့်အမျှ မိမိ အိတ်ကပ်အတွင်းမှငွေများ ပါသွားသည်ကို မမေ့သင့်ပေ။ ထိုု့ကြောင့် မိုဘိုင်းလ်ဖုန်းကို အချို့က ''အိမ်တွင်း သူခိုး''ဟု ဆိုကြသည်သာမက အလုပ်ပျက်၊ အကိုင်ပျက် အသုံးပြုမှုကြောင့် အချိန်ကုန်၊ ငွေခန်း၊ ကျန်းမာရေးပါ ထိခိုက်နိုင်သဖြင့် သတိထားဆင်ခြင်ကိုင်တွယ်အသုံးပြု တတ်သူများလည်း ရှိပါသည်။

 

မိုဘိုင်းလ်ဖုန်း ခေတ်စားလာခြင်း၏ အဓိကအကြောင်းအရင်းမှာ နည်းပညာများ ပါဝင်လာမှုနှင့် ဆိုရှယ်မီဒီယာ သို့မဟုတ် လူမှုကွန်ရက် ကျယ်ပြန့်လာသောကြောင့် ဖြစ်နိုင်သည်။ မျက်မှောက်ကာလ ဂလိုဘယ် လိုက်ဇေးရှင်းခေတ်တွင် ကမ္ဘာကြီးအတွင်း ဖြစ်ပျက်ပြောင်းလဲမှုများကို အလွယ်တကူသိရှိနိုင်သလို တစ်ဦးနှင့် တစ်ဦး အရုပ်၊ အသံ၊ စာများဖြင့်ပါ ထိတွေ့လာနိုင်သည်။ ယင်းအပေါ်တွင် ကောင်းကျိုးနှင့်ဆိုးကျိုးများပါ ယှဉ်တွဲပေါ်ပေါက် လာတတ်သည်ကို တွေ့ရသည်။

 

မည်သို့ပင်ဖြစ်စေ အသုံးပြုသူများအနေဖြင့် သတိထားဆင်ခြင်ပြီး မိမိအတွက် အကျိုးမယုတ်အောင် ချင့်ချိန်တတ်ဖို့သာ လိုရင်းဖြစ်သည်။ အသိပညာ တိုးပွားမှုများ၊ အသိပညာ ဖလှယ်မှုများကို ရယူမျှဝေနိုင်သလို အမုန်းတရားများ၊ လှည့်ဖြားမှုများ၊ လွဲမှားသော အချက်အလက်များကိုလည်း သတိမူတတ်ရန် လိုပေသည်။ ယခုအခါ နည်းပညာတိုးတက်မှုနှင့်အတူ မလွဲမသွေရင်ဆိုင်ကြုံတွေ့ရမည့် စိန်ခေါ်မှုများအား ကျော်လွှားပြီး ဆိုရှယ်မီဒီယာ သို့မဟုတ် လူမှုကွန်ရက်ကို အကျိုးရှိစွာ အသုံးချနိုင်မည့် နည်းလမ်းများ၊ ဆောင်ရန်၊ ရှောင်ရန်များအား အဖြေထုတ်ပေးနိုင်မည့် လူငယ်နှင့် ဆိုရှယ်မီဒီယာစကားဝိုင်းများ ပေါ်ပေါက်လာသည်မှာ ကောင်းသော လက္ခဏာဖြစ်သည်။


သို့ဖြစ်ရာ ''သုံးတတ်လျှင် ဆေး၊ မသုံးတတ်လျှင် ဘေး'' ဆိုသကဲ့သို့ အကျိုးများ၊ အဆိုးများ ရောပြွမ်းနေသော မိုဘိုင်းလ်ဖုန်းဆိုင်ရာ နည်းပညာနှင့် အသုံးချမှုများကို စနစ်တကျ သတိမူအသုံးပြုခြင်းဖြင့် ခေတ်ရေစီးကြောင်းတွင် လိုက်ပါသင့်ကြောင်း စေတနာကောင်းဖြင့် အကြံပြုအပ်ပါသည်။