သုတေသနဖော်ထုတ် လက်တွေ့အသုံးချ

 

မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်၍ သုတေသနပိုင်းဆိုင်ရာတွင် ထိရောက်စွာအသုံးချနိုင်မှု  အားနည်း နေသေးသော်လည်း  ကျန်းမာရေးဆိုင်ရာ သုတေသနဖော်ထုတ် လက်တွေ့အသုံးချမှုနယ်ပယ်၌ အောင်မြင်မှုများ ရရှိနေသည်ကို တွေ့ရသည်။ ကျင်းပပြုလုပ်လျက်ရှိသည့် (၅၂) ကြိမ်မြောက် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံ၌ ကျန်းမာရေးသုတေသနပညာရှင်များက သုတေသနရလဒ်များကို ထုတ်ဖော် အသိပေးနိုင်ခဲ့သည်။

မြန်မာနိုင်ငံအပါအဝင် ယနေ့ကမ္ဘာပေါ်၌  ပြောင်းလဲလာသော နေထိုင်စားသောက်မှုပုံစံအသစ်များကြောင့် ရောဂါအသစ်အဆန်းများ၊ သွေးတိုး၊ ဆီးချို၊ သွေးချို၊ ကင်ဆာ၊ အဝလွန်စသည့် မကူးစက်တတ်သောရောဂါများ အဖြစ်များလာသည်ကို မြင်တွေ့ရမည်ဖြစ်သည်။ ဖြစ်ပေါ်လာသောရောဂါများနှင့်ပတ်သက်၍ ဆေးပညာရှင်များ၊ ဝါရင့်သမားတော်များက ကြိုတင်ကာကွယ်ရေး၊ ဖြစ်ပွားမှုလျှော့ချရေးအတွက် စဉ်ဆက်မပြတ် ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးကြပြီး ကုထုံးများကို ရှာဖွေဖော်ထုတ်ပေးလျက်ရှိသည်။

ဥပမာအားဖြင့်  ကင်ဆာရောဂါနှင့်ပတ်သက်၍  သုတေသနတွေ့ရှိချက် မြောက်မြားစွာအပေါ်အခြေခံကာ ကျန်းမာရေးဝန်ကြီးဌာနမှ ကျွမ်းကျင်ပညာရှင် များ လေ့လာသုံးသပ်ရေးဆွဲခဲ့သည့် Myanmar National Cancer Control Strategic Action Plan (2023-2027) ကို ၂၀၂၃ ခုနှစ်  ဒီဇင်ဘာလ ၂၇ ရက်နေ့က အသိပေးမိတ်ဆက် ဆောင်ရွက်နိုင်ခဲ့ရာ မကူးစက်နိုင်သော ရောဂါကာကွယ်တားဆီးရေးတွင် မှန်ကန်သောကုထုံးများရရှိရန်အတွက် အထောက်အကူကောင်းများ ရရှိခဲ့ပြီး ဆေးပညာဆိုင်ရာ သုတေသနတွေ့ရှိချက်များ၏ အရေးပါပုံကို အထင်အရှား တွေ့ရှိခဲ့ကြသည်။

မြန်မာနိုင်ငံတွင် ဆေးပညာနှင့်ပတ်သက်၍ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားခဲ့သည့် ကာလတွင် ဓာတ်ခွဲစမ်းသပ်မှု ဆိုင်ရာ တိုးတက်ဖြစ်ထွန်းမှုများ ရရှိခဲ့သည်။ ကိုဗစ်-၁၉ မျိုးကွဲများ၏ မျိုးရိုးဗီဇများကို ရှာဖွေဖော်ထုတ်၍ စမ်းသပ်လေ့လာ သုံးသပ်ခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ခဲ့သည်။ ယခုအခါ ကိုဗစ်-၁၉ မျိုးကွဲဗီဇ  စစ်ဆေးခြင်း စမ်းသပ်မှုပေါင်း ၃၀၀ ကျော်ကို ဆေးသုတေသနဦးစီးဌာနတွင် ပြုလုပ်နိုင်ခဲ့ခြင်းနှင့် မြန်မာနိုင်ငံ အတွင်းပျံ့နှံ့ခဲ့သော ကိုဗစ်-၁၉ မျိုးကွဲဗီဇဆိုင်ရာ အချက်အလက်များကို အများပြည်သူသိရှိနိုင်စေရန် ကျန်းမာရေးဝန်ကြီးဌာနက ဆောင်ရွက်ပေးနိုင်မှုတို့သည် ဂုဏ်ယူစရာဖြစ်သည်။

ရာစုနှစ်တစ်ခုကျော်အကြာမှ ဖြစ်ပွားလာခဲ့သည့် ကမ္ဘာ့ကပ်ရောဂါဆိုးကြီးနှင့် ပတ်သက်၍ မှတ်တမ်း မှတ်ရာများသည် အရေးကြီးသည်။ ဖြစ်ပွားခဲ့သော ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ နှင့်ပတ်သက်သည့် မှတ်တမ်းမှတ်ရာများကို နောင်လာနောက်သားများ သိရှိစေရန်ရည်ရွယ်၍ ကျန်းမာရေးဝန်ကြီးဌာနနှင့် တပ်မတော် ဆေးသုတေသနတို့မှ သုတေသီများပူးပေါင်းပြီး ဆောင်ရွက်ခဲ့သည့် သုတေသန စာတမ်းများကို (၅၂)ကြိမ်မြောက် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံ၌ တင်သွင်းဖတ်ကြားသည်ကို သိရသဖြင့် မြန်မာနိုင်ငံအတွက် ဝမ်းမြောက် ဂုဏ်ယူဖွယ်ဖြစ်သည်။

မကူးစက်နိုင်သော ရောဂါများသည် အရေးကြီးသလို ကူးစက်နိုင်သောရောဂါ များဖြစ်သည့် ကိုဗစ်-၁၉ ရောဂါ၊ ဆေးယဉ်ပါးတီဘီရောဂါ၊ သွေးလွန်တုပ်ကွေးရောဂါ၊ ငှက်ဖျားရောဂါ၊  အသည်းရောင်အသားဝါရောဂါစသည့် ရောဂါများကိုလည်း စဉ်ဆက်မပြတ်စောင့်ကြည့်၍ သုတေသနပြုလုပ်လျက်ရှိသည်။  သုတေသန ပြုလုပ်ရာတွင် ဓာတ်ခွဲခန်းသည် အရေးပါသဖြင့် ဆေးသုတေသနဦးစီးဌာန(ရန်ကုန်)တွင် အဆင့်မြင့် မော်လီကျူး သုတေသနဌာန ဓာတ်ခွဲခန်းကို ၂၀၁၄ ခုနှစ်တွင် တည်ထောင်ခဲ့သည်။ ရည်ရွယ်ချက်မှာ ခေတ်မီနည်းပညာနှင့် ဓာတ်ခွဲခန်းဆိုင်ရာ အထောက်အကူပြု ပစ္စည်းများအသုံးပြုပြီး ကူးစက်နိုင်သော ငှက်ဖျား၊ အသည်း ရောင်အသားဝါ၊ တီဘီနှင့်ပတ်သက်၍ သုတေသနစွမ်းရည်အားကောင်းလာစေရန် နှင့် ပြည်သူများအတွက် ကူးစက်နိုင်သောရောဂါများနှင့် ကျန်းမာရေးစောင့်ရှောက်မှု စနစ် ပိုမိုကောင်းမွန်ရေး အထောက်အကူ ပြုမည်ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက “တစ်မျိုးသားလုံး သက်ရှည်ကျန်းမာ ကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံး အကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍ မြှင့်တင်ဆောင်ရွက်ရေး လူမှုရေးဦးတည်ချက်ကို ချမှတ်ဆောင်ရွက်လျက် ရှိရာတွင် ကျန်းမာရေးဆိုင်ရာ သုတေသနပြုဆောင်ရွက်နိုင်မှုများကြောင့် ကျန်းမာ ရေးပညာရပ်ဆိုင်ရာ တိုးတက်မှုများ၊ ကျန်းမာရေးအဆင့်အတန်း မြင့်မားလာမှုများ သည် လူမှုရေးဦးတည်ချက် အောင်မြင်ရေးအတွက် အထောက်အပံ့ကောင်းများဖြစ်သည်။ သို့ဖြစ်ရာ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု အပြည့်အဝပေးနိုင်ရေးအတွက် သုတေသနပြုလုပ်မှုများကို ဆက်လက် ဖော်ထုတ်ကာ လက်တွေ့ထိရောက်စွာ အသုံးချနိုင်မည်ဖြစ်ပါကြောင်း။

ကြေးမုံ