သုတေသနဖွံ့ဖြိုးရေး စာတမ်းဖတ်ပွဲမှ စာတမ်းရှင် ပညာရှင်များ၏ ရင်တွင်းစကားသံများ

ရန်ကုန် ၁၀ နိုဝင်ဘာ

 

သုတေသန ဖွံ့ဖြိုးရေးစာတမ်းဖတ်ပွဲကို နိုဝင်ဘာလ ၉ ရက်  နံနက်ပိုင်းက ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန ဗဟိုပုံနှိပ်စက်ရုံ စုပေါင်းခန်းမ၌  ကျင်းပရာ စာတမ်းရှင် ပညာရှင်ကြီးများအား မြန်မာ့သတင်းစဉ်က တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြလိုက်ပါသည်။

 

 

 

ဦးဇော်အောင် (ဇော်အောင်-ဖွံ့ဖြိုးရေးသုတေသီ)

 

“မြန်မာနိုင်ငံ သုတေသနဖွံ့ဖြိုးရေး အကြံပြုချက်”စာတမ်းကိုဖတ်ပါမယ်။  ဖွံ့ဖြိုးရေးနဲ့ ပတ်သက်တဲ့ သုတေသနတွေလုပ်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ ၂၀၁၁ ခုနှစ်ကစပြီး နိုင်ငံအပြောင်းအလဲတွေဖြစ်လာခဲ့တာ အခု ၂၀၁၈ ခုနှစ်ကဆို ရှစ်နှစ်ရှိပါပြီ၊ ဒီကာလတစ်လျှောက်မှာ သုတေသနတွေ လုပ်ခဲ့ပါတယ်။ မြန်မာနိုင်ငံအနှံ့သွားခဲ့သလို အိမ်နီးချင်းနိုင်ငံ ထိုင်းနဲ့ ဂျပန်နိုင်ငံတွေမှာသွားပြီး သုတေသနတွေလုပ်ခဲ့ပါတယ်။ အဲဒီအတွေ့အကြုံတွေအပေါ် အခြေခံပြီး ဒီအကူးအပြောင်းကာလမှာ လက်တွေ့ မြင်ရတဲ့အနေအထားအပေါ် ခံစားရတာက သုတေသနအခြေပြုတဲ့ ဖွံ့ဖြိုးရေးလုပ်ငန်း တွေလုပ်ဖို့ အင်မတန်လိုအပ်နေတယ်။ ဒီမှာ လုပ်ငန်းတစ်ခုစမယ်ဆိုတာနဲ့ အားနည်းချက်တွေ ပေါ်လာတာတွေ၊ ဝေဖန်တာတွေနဲ့၊ အဲဒါနဲ့ လုပ်ငန်းမလုပ်ဖြစ်တာတွေ၊ နှေးကွေးသွားတာတွေ၊ ရပ်တန့်သွားတာတွေ ဒါတွေမကြာခဏတွေ့ရပါတယ်။ ဒါတွေဟာ သုတေသန သေသေချာချာပြုလုပ်ပြီး မလုပ်ဆောင်နိုင်တဲ့ အားနည်းချက်လို့မြင်တယ်။ ဒီနေ့ပွဲမှာ မြန်မာနိုင်ငံမှာ သုတေသန ပြန်လည်ဖွံ့ဖြိုးရှင်သန်ဖို့ အဓိကထား ဆွေးနွေးမှာပါ။

 

၁၉၈၈  နောက်ပိုင်းနှစ်ပေါင်း ၃၀ နီးပါးမှာ သုတေသန ခါးဆက်ပြတ်ခဲ့တယ်လို့ ကျွန်တော် ယူဆပါတယ်။ တချို့သော မြန်မာနိုင်ငံသားတွေက ကိုယ့်နည်း ကိုယ့်ဟန်နဲ့ နိုင်ငံခြားတွေထွက်ပြီး သုတေသနရှာဖွေနေကြတဲ့ ပညာရှင်တွေ တစ်ပုံကြီးရှိပါတယ်။ သူတို့တွေက နေရာအနှံ့ပြန့်ကျဲနေတယ်၊ ဒါကို ကျွန်တော်တို့နိုင်ငံမှာ သုတေသနအသင်းကြီး တစ်ခုပေါ်မယ်၊ ဒီလိုပညာရှင်တွေကို စုစည်းမယ်၊ အစိုးရက သုတေသနကို အားပေးမယ်၊ သုတေသနရန်ပုံငွေတွေ ထူထောင်မယ်ဆိုရင် တိုင်းပြည်ရေရှည် ဖွံ့ဖြိုး ရေးအတွက် အကျိုးဖြစ်မယ်လို့ယူဆတဲ့အတွက် ဒီနေ့စာတမ်းထဲမှာ ဒီအကြောင်းအရာတွေကို ထည့်ဆွေးနွေးမှာပါ။

 

လူငယ်ဆိုတဲ့နေရာမှာ မြို့ပေါ်လူငယ်တွေရှိသလို ကျေးလက်ကလူငယ် တွေရှိတယ်၊ သုတေသန သင်တန်းတွေလည်း ပေးပါတယ်၊ မြို့ပေါ်မှာလည်း ပေးတယ်။ ကျေးလက်ဒေသတွေမှာလည်း ပေးတယ်။ တချို့က သုတေသနဆိုတာ တက္ကသိုလ်ထဲမှာ အဆင့်မြင့်ပညာလို့ထင်တယ်၊ လူငယ်တွေက သုတေသနဆိုတာ မဆိုင်သလိုပဲ၊ လုပ်လို့မရနိုင်ဘူးဆိုတဲ့ အသိမျိုးရှိတယ်။ ဒီအသိကို အရင်ဆုံးပြောင်းလဲရတယ်၊ ရင်ဆိုင်ရတဲ့အတွေ့အကြုံတွေထဲက ပထမဆုံးအခက်အခဲပါ။

 

လူငယ်တွေကိုပြောချင်တာက  သုတေသနကို စိတ်ဝင်စားရင် လေ့လာပါ၊ လူတိုင်းလေ့လာမယ်ဆိုရင် သုတေသနသဘောတရားကို နားလည်နိုင်မှာဖြစ်သလို ကိုယ်တိုင်လည်းတဖြည်းဖြည်းနဲ့ လေ့ကျင့်ယူပြီး သုတေသီတစ်ဦးဖြစ်အောင် လုပ်လို့ရပါတယ်။ ထိုင်းနိုင်ငံမှာဆိုရင်   ကျေးလက်သုတေသနဆိုတာ ရှိတယ်။ ဘယ်သူတွေ လုပ်ကြသလဲဆိုရင် ငါးဖမ်းသမားတွေ၊ လယ်သမားတွေ သုတေသနလုပ်ပါတယ်။ ငါးဖမ်းသမားတွေက သူတို့ဖမ်းတဲ့ ငါးအမျိုးအစား၊ ငါးမျိုးစိတ်တွေကို သုတေသန လုပ်ပါတယ်။ လယ်သမားတွေက သူတို့ စိုက်ပျိုးတဲ့သီးနှံတွေရဲ့ အမျိုးအစား၊ အရည်အသွေး၊ အထွက်နှုန်း အကုန်စနစ်တကျ သုတေသနလုပ်ပါတယ်။ လယ်သမားတွေ၊ တံငါသည်တွေ သုတေသနလုပ်နိုင်ဖို့ တက္ကသိုလ်က ပညာရှင်တွေက ကူညီပါတယ်။ ပြောချင်တာက ပညာရေးဆိုတာက တက္ကသိုလ်ထဲမှာပဲ ပရိဝုဏ်ထဲမှာပဲ ကျင်လည်နေဖို့ မဟုတ်ဘူး၊ လူ့အဖွဲ့အစည်းနဲ့ ချိတ်ဆက်ပြီးလုပ်မှသာ တကယ့်ပညာရေးရဲ့ အနှစ်သာရက ပေါ်လွင်မှာဖြစ်ပါတယ်။

 

ဒါဟာ ပညာရေးက ပညာရေးအတွက် လုပ်တာမဟုတ်ဘဲ လူ့အဖွဲ့အစည်းအတွက် အကျိုးပြုလုပ်ခြင်း ဖြစ်တဲ့အတွက်ကြောင့် တက္ကသိုလ်က ပညာရှင်တွေက သက်ဆိုင်ရာ ဒေသရဲ့ လူ့အဖွဲ့အစည်းရဲ့ လူမှုဘဝ၊ စီးပွားရေးဘဝ၊ အကြောင်းအရာမျိုးစုံကို ထဲထဲဝင်ဝင် ဝင်ရောက်လေ့လာပြီး ကူညီတယ်၊ အဲဒီလိုနည်းနဲ့ သုတေသနတွေကို ဒေသခံတွေ လုပ်နိုင်အောင် ပညာရှင်တွေက ကူညီတာတွေရှိပါတယ်။  အင်မတန်ကောင်းတဲ့  နမူနာတစ်ခုပါ၊ ကျွန်တော်တို့နိုင်ငံမှာလည်း အဲဒါမျိုး   ဖြစ်စေချင်ပါတယ်။

 

နောက်တစ်ခုက အဲဒီလို တက္ကသိုလ်က ပရော်ဖက်ဆာတွေ၊ သုတေသီတွေက ရပ်ရွာထဲ ဆင်းပြီး လုပ်ခဲ့တဲ့အတွက်ကြောင့် သူတို့ရလာတဲ့လူမှုဘဝထဲက အတွေ့အကြုံတွေကို တက္ကသိုလ်မှာပြန်ပြီး ကျောင်းသင်ခန်းစာအဖြစ် လက်တွေ့ ပြန်သင်ကြား နိုင်တယ်။ အဲဒီအခါကျတော့ ကျောင်းခန်းထဲက ဆွေးနွေးမှုတွေက လက်တွေ့ဆန်သွားတယ်။ လူ့အဖွဲ့အစည်းရဲ့ လက်ရှိဖြစ်နေတဲ့ အခြေအနေတွေကို ထင်ဟပ်တယ်၊ ကျောင်းသားတွေကို လက်ရှိဖြစ်နေတဲ့အဖွဲ့အစည်းရဲ့အခြေအနေကို သင်ကြားပေး နိုင်တယ်။ အဲဒီ ကျောင်းသားဘွဲ့ရပြီး အပြင်လောကရောက်သွားရင် သင်လာတဲ့ပညာနဲ့ အပြင်လောကက အတွေ့အကြုံတွေက ကွာခြားမနေတော့ဘူး၊  အသုံးချပညာရေး တစ်ခုပေါ့။ လူငယ်တွေကိုမှာချင်တာကတော့ ပထမဆုံးသုတေသနကို စိတ်ဝင်စားဖို့ လိုပါတယ်။ သုတေသနဆိုတာ ပညာရှင်တွေလုပ်ရတဲ့ ဘာသာရပ်တစ်ခုလို့ သဘောမထားဘဲ စိတ်ဝင်စားရင် လေ့လာကြည့်ပါ၊ လေ့ကျင့်ကြည့်ပါ၊ ကိုယ်ကိုယ်တိုင် တစ်ချိန်မှာ သုတေသီတစ်ဦးဖြစ်နိုင်ပါတယ်လို့ ပြောချင်ပါတယ်။

 

 

 

ဒေါက်တာကျော်ဝင်း

 

“အမိန့်တော်များထဲမှ မင်းတုန်းမင်းလက်ထက် တရားစီရင်ရေး” စာတမ်းကို ဖတ်မှာ ဖြစ်ပါတယ်။ သမိုင်းအထောက်အထားတွေမှာ အမိန့်တော်တို့၊ စစ်တမ်းတို့ ဆိုတာပါတယ်။ ပျို့၊ ဧချင်း၊ မော်ကွန်းတို့ထဲက သမိုင်းအထောက်အထားတွေယူပြီး မင်းတုန်းမင်းလက်ထက်မှာ တရားစီရင်ရေးနဲ့ဆိုင်တဲ့ ပြုပြင်ရေးတွေ ဘယ်လိုလုပ်သလဲ၊ လာဘ်ပေးလာဘ်ယူတွေကို မလိုလားဘူး၊ သူ့လက်ထက်မှာ တရားစီရင်ရေးကို လုံး၀ ပြင်လိုက်တယ်။   သူ့ရဲ့အစ်ကို ပုဂံမင်းလက်ထက်မှာ လာဘ်ပေးလာဘ်ယူတွေ များတယ်။ သူ့လက်ထက်မှာ အဲဒီလိုမဖြစ်အောင် တရားစီရင်ရေးမှာ ပြုပြင်မှုတွေ အဆင့်ဆင့် အများကြီးလုပ်ခဲ့တယ်။ 

 

တရား ကွမ်းဘိုးထိန်းတွေ ခန့်ထားတယ်၊   မင်းမှုထမ်းတွေထဲက တရားစီရင်ခတွေ၊ နှုန်းထားတွေကို အတိအကျ သတ်မှတ်ပေးတယ်။ အဲဒါထက် ပိုလို့ရှိရင် ကြီးလေးတဲ့အပြစ်ကိုပေးတယ်။ မြန်မာမင်းများရဲ့ လက်ထက်မှာ အခုလို လာဘ်ပေးလာဘ်ယူ ယူမယ်ဆိုရင် သေဒဏ်အထိတောင် အပြစ်ပေးတယ်။ ဒါပေမယ့်  သေဒဏ်အထိတော့ မပေးပါဘူး။ ကြိမ်ဒဏ်တို့၊ ယူထားတဲ့ ငွေကို ပြန်ပေးခိုင်းတာတို့၊ မင်းတုန်းမင်းရဲ့ အမိန့်တော်ထဲက တရားစီရင်တဲ့အခါမှာ တရားသူကြီးတွေက အချိန်ဆွဲတာမျိုးတွေ၊ အဲဒါတွေကို အကျင့်ဆိုးတွေ ကွယ်ပျောက်သွားအောင်လို့ ပြုပြင်ခဲ့တယ်ဆိုတာကို ဒီစာတမ်းမှာ အဓိကထား ပြောမှာပါ။

 

ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ သုတေသနလုပ်ငန်းတွေ ဖွံ့ဖြိုးရေးအတွက် လုပ်တာဖြစ်တဲ့အတွက်ကြောင့် မြန်မာနိုင်ငံမှာ သုတေသနလုပ်ငန်းဆိုတာ ဘယ်လောက် အရေးကြီးသလဲ၊  ဒီအထောက်အထားတွေပေါ်မှာ အခြေခံပြီး အများမသိသေးတဲ့အရာတွေကို ဖော်ထုတ်ပေးဖို့ဆိုတာ သုတေသနရဲ့ အဓိကအချက်၊ နောင်လာ နောက်သားတွေ ပိုမိုသိရှိပြီး သုတေသနလုပ်ငန်းကို စိတ်ဝင်စားလာအောင် ရည်ရွယ်ပါတယ်။

 

ဒီစာတမ်းဖတ်ပွဲတွေ လုပ်ပေးခြင်းအားဖြင့် တစ်ယောက်နဲ့တစ်ယောက် အသိဉာဏ်ချင်း ဖလှယ်ခွင့်ရတယ်။ ကျွန်တော်တို့ လေ့လာထားတာလေးတွေကို မျှဝေပေးချင်တယ်၊ သိစေချင်တယ်၊ စာတမ်းဖတ်ပွဲတွေက တစ်ခါနဲ့တစ်ခါလုပ်တာ အကြောင်းအရာချင်းမတူပါဘူး။ ပညာရပ်ဆိုင်ရာတွေ ပါတယ်၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုစတဲ့ နိုင်ငံတော်မှာ အရေးကြီးတဲ့ကဏ္ဍတွေကို အဓိကထားပြီး စာတမ်း ဖတ်ပွဲတွေပြုလုပ်ပေးတဲ့အတွက် ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ အင်မတန် လျော်ကန်သင့်မြတ်တဲ့ ဆောင်ရွက်ချက်လို့ပြောချင်တယ်။

 

 

ဒေါက်တာခင်အေး (မောင်ခင်မင်-ဓနုဖြူ)

 

“မြန်မာနိုင်ငံတွင် ဘာသာ၊ စာပေ၊ သုတေသနလုပ်ငန်းများ ဆောင်ရွက်ခဲ့ပုံ” စာတမ်းကို ဖတ်ပါမယ်။ အရင်တုန်းက မြန်မာနိုင်ငံမှာ သုတေသနဆောင်ရွက်တဲ့ အဖွဲ့အစည်းတွေ၊ ဌာနတွေ၊ အင်နဲ့အားနဲ့ ဆောင်ရွက်ခဲ့တဲ့ သုတေသနအသင်းကြီး စပေါ်ခဲ့တယ်။ အဲဒီလုပ်ငန်းတွေက ၁၉၈၀ ကျော်အထိ သွားတယ်၊ ရှေ့ပိုင်းမှာ မြန်မာနိုင်ငံ သုတေသနအသင်းက သုတေသနဂျာနယ်ကို တစ်နေ့ နှစ်ကြိမ်၊ သုံးကြိမ် ထုတ်တယ်။

 

နှစ် ၇၀ ပြည့်တဲ့အထိ သုတေသနဂျာနယ်တွေ ထုတ်ခဲ့တော့ သုတေသန ဆောင်းပါးတွေ၊ သုတေသန စာတမ်းတွေ အများကြီးလေ့လာခဲ့ရတယ်။ သုတေသန ရလဒ်တွေ အများကြီးရခဲ့တယ်၊ အကျိုးရှိပါတယ်။ ပညာရှင် ဆရာကြီးတွေ အစဉ်အဆက် လုပ်ခဲ့တယ်။ ဘာသာစကားဆိုင်ရာ သုတေသနတွေကို အများကြီး လုပ်ခဲ့တယ်။ ၁၉၈၀ ကျတော့ နှစ် ၇၀ ပြည့်မှာ သုတေသနအသင်းကြီး ရပ်စဲသွားတယ်။ သုတေသနဂျာနယ်လည်း ပျက်သွားတယ်၊ ၁၉၆၅ ခုနှစ်ကစပြီး မြန်မာနိုင်ငံ သုတေသန ဆွေးနွေးပွဲတွေကို နိုင်ငံတော်အစိုးရကကြီးမှူးပြီး  နှစ်စဉ် ရန်ကုန်တက္ကသိုလ်ဝင်းထဲမှာ ဘာသာရပ် ၁၁ ခု ခွဲပြီး သုတေသနစာတမ်းဖတ်ပွဲတွေ ဆက်တိုက်လုပ်ခဲ့တယ်၊ ဘာသာစကားဆိုင်ရာ သုတေသနစာတမ်းတွေ နားထောင်တယ်။ ကိုယ်ကိုယ်တိုင် ဖတ်တယ်၊ နောက်ပိုင်းမှာ အဖွဲ့အစည်းအလိုက်လုပ်တဲ့ တက္ကသိုလ်ပညာပဒေသာ စာစောင် နှစ် ၂၀ ကျော်ကြာပြီးတော့ ရပ်သွားပြန်ရော၊ အစဉ်အလာနဲ့ အဖွဲ့အစည်း လိုက်လုပ်လာတဲ့ စာတမ်းဖတ်ပွဲတွေ ရပ်သွားပြန်ရော၊  နောက်ပိုင်းမှာ သုတေသန လုပ်တဲ့ အရှိန်အဟုန်နဲ့ လူငယ်တွေ ပြန်လေ့လာတဲ့အခါကျတော့  ရှေ့ပိုင်းတုန်းက ဆောင်ရွက်ခဲ့တဲ့ သုတေသန လုပ်ငန်းတွေ  ဘာတွေလုပ်ခဲ့သလဲဆိုတာ သိထားရင် ကိုယ်ဆက်လုပ်ရမယ့် လုပ်ငန်းတွေမှာ အထောက်အကူပြုမယ်၊ ဆက်လုပ်ဖို့ ကောင်းတယ်ဆိုတဲ့ အသိအမြင်တွေ ရလာနိုင်တယ်၊ သုတေသနလုပ်ချင်တဲ့ စိတ်တွေ တိုးပွားလာမယ်၊ နှိုးဆော်တဲ့အနေနဲ့ ဒါတွေကို ပြန်ပြောင်းသတိရပြီး သုတေသန လုပ်ငန်းတွေ ဘာတွေလုပ်ခဲ့သလဲဆိုတာ ကောင်းနိုးရာ သင့်လျော်ရာ သာဓက လေးတွေပြပြီး ဆွေးနွေးတဲ့စာတမ်းပါပဲ။

 

မြန်မာနိုင်ငံမှာ သုတေသနလုပ်ငန်းတွေကို ရှေးရှေးထဲက အစဉ်အဆက် တောက်လျှောက်လုပ်လာခဲ့တယ်၊ အခု ဆက်လက်ပြီး တိုးတက်ဖွံ့ဖြိုးဖို့လိုတယ်။ သို့သော် မြန်မာနိုင်ငံ သုတေသနအသင်းကြီးကို ရှေးရှေးကတည်းကရှိခဲ့တယ်။ အဲဒီလို အသင်းမျိုး အသင်းပြန်ဖွဲ့ပြီး သုတေသနလုပ်ငန်းတွေကို အင်နဲ့အားနဲ့ဆောင်ရွက်ဖို့ လိုအပ်တယ်။ ဆက်လက် ဆောင်ရွက်ကြဖို့လည်း အခြေအနေ၊ အချိန်အခါပေးနေလို့ ဆောင်ရွက်ကြပါလို့ အကြံပေးချင်ပါတယ်။ 

 

 

 

ဒေါက်တာတိုးလှ

 

“မြန်မာနိုင်ငံ၏ သုတေသနအသင်း ပြန်လည် ဖွဲ့စည်းခြင်းနှင့် အလားအလာ” စာတမ်းဖတ်မှာပါ။ မြန်မာနိုင်ငံ သုတေသနအသင်းက ၁၉၁၀ က စပေါ်တယ်။ စာပေ၊ ယဉ်ကျေးမှုနဲ့ သမိုင်းဘာသာရပ်တွေ၊ နောက်ပိုင်းကျ သမိုင်းဘာသာရပ်၊ ဝိဇ္ဇာဘာသာ ရပ်တင်မကဘဲ သိပ္ပံဘာသာရပ်တွေပါအကုန် ဖွံ့ဖြိုးတိုးတက်လာအောင် စာတမ်းတွေ ဖတ်ကြတဲ့ အဲဒါကို တစ်နှစ် နှစ်ကြိမ်ထုတ်တဲ့ ဂျာနယ်ပါ။ 

 

အကြောင်းကြောင်းကြောင့် ၁၉၇၀ ရွှေရတုလုပ်နိုင်ပြီးတဲ့နောက် ၁၉၈၀ ရောက်တော့ ပျက်သွားပါတယ်။ အဲဒါကို ကျွန်တော်တို့ ပြန်လည်ဖော်ထုတ်ဖို့လိုတယ်။

 

အဲဒီအတွက် ဒီစာတမ်းကိုတင်သွင်းတာပါ။ အဆင့်မြင့်ပညာရပ် အဆင့်ကနေ ပညာရှင်တွေ ဖတ်ကြားတဲ့ သုတေသန စာတမ်းတွေဖြစ်တဲ့အတွက် နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုမှာ အင်မတန်မှ အရေးပါတဲ့ အကြောင်းအရာတွေဖြစ်ပါတယ်။ နိုင်ငံရဲ့အသိ ပညာဘက်ကရော၊ အတတ်ပညာဘက်ကရော ဘက်ပေါင်းစုံကနေ ဒီစာတမ်းတွေ ထွက်လာရင် ဂျာနယ်တွေထွက်လာရင် သာမန်ဂျာနယ်မဟုတ်တဲ့အတွက် နိုင်ငံကို အများကြီးအကျိုးပြုပါမယ်။ 

 

 

 

ဒေါက်တာတင်လှိုင် (ဘိုးလှိုင်)

 

“မြန်မာနိုင်ငံ၏ သုတေသနအသင်း ပြန်လည် ဖွဲ့စည်းခြင်းနှင့် အလားအလာ” စာတမ်း ဖတ်ပါမယ်။ အထူးသဖြင့် စာတမ်းတွေထုတ်ဝေကြပါ၊ ရေးကြပါ၊ သုတေသန လုပ်ကြပါ။ ဘယ်မှာရေးမယ်၊ ဘယ်မှာ ထုတ်ဝေမယ်ဆိုတာ ပြဿနာရှိတယ်။ မြန်မာနိုင်ငံမှာ မြန်မာမှု၊ မြန်မာအကြောင်းအရာနဲ့ပတ်သက်တဲ့ သုတေသနလုပ်ငန်းတွေကို ဘယ်ဂျာနယ်၊ ဘယ်စာစောင်တွေမှာ ထုတ်မှာလဲ။  အဲဒီတော့ ပညာတတ် လောက၊ အဆင့်မြင့်ပညာ လောကက အသိအမှတ်ပြုတဲ့ လေးစားတဲ့ မြန်မာနိုင်ငံထုတ် စာစောင် ဂျာနယ်ရှိပါသလား မေးကြရင် မရှိဘူးလို့ပြောရမယ်။ မဂ္ဂဇင်းတွေ၊ ဂျာနယ်တွေရှိပါတယ်။ ဒါတွေက ပေါ်ပြူလာလို့ ခေါ်တယ်၊ ဒါတွေက အများဖတ်တွေ၊ ပညာရှင်သန့်သန့်ဖတ်တဲ့ ပညာအဆင့်မဟုတ်ဘူး။ အဲဒီထဲမှာ တချို့ ပါသွားတာ  ရှိပါလိမ့်မယ်။ သို့သော် ပညာတတ်လောကက မသိဘူး၊ အသိအမှတ် မပြုဘူး၊ အဲဒီတော့ မြုပ်နေတာပေါ့။

 

အဲဒီတော့ မြန်မာ့ပညာရှင်တွေရဲ့ အခန်းကဏ္ဍကို မြှင့်တင်ဖို့၊ အားပေးဖို့ဆိုရင် ဂုဏ်သရေရှိတဲ့ ပညာတတ်လောကက၊ ကမ္ဘာ့ပညာတတ်လောကက အသိအမှတ်ပြုတဲ့ ဂျာနယ်ကြီးတစ်စောင်၊ အသင်းအဖွဲ့ကြီးတစ်ခု ရှိသင့်တယ်။ မြန်မာနိုင်ငံ သုတေသနအသင်းကြီးဆိုတာ ၁၉၁၀ ခုနှစ်ကတည်းက တည်ထောင်ခဲ့ကြတဲ့အထဲမှာ အင်္ဂလိပ်လူမျိုးတွေပါတယ်၊ ထင်ပေါ်ကျော်ကြားတဲ့ မြန်မာလူမျိုးတွေ ပါတယ်။ အဲဒီတော့ ပညာကို ဦးထိပ်ထားပြီး အဓိကထားလုပ်ခဲ့တဲ့ အသင်းကြီးပါ။ 

 

အင်မတန် တန်ဖိုးရှိတဲ့၊ သုတေသနစာတမ်းတွေ ထုတ်ဝေခဲ့တဲ့ အစဉ်အလာတွေ ရှိပါတယ်။ ကမ္ဘာ့ပညာတတ်လောကကလည်း အသိအမှတ်ပြုတယ်၊ လေးစားတယ်။၊ အဲဒီဂုဏ်ဒြပ်ကို ဆရာတို့ ပြန်ပြီး မျိုးကူးရမယ်၊ ပြန့်ပွားရမယ်၊ ဒီနေရာမှာ ပြန်စိုက်ရမယ်။ ဒီမျိုးစေ့ကို ပြန်ပြီး ရှင်သန်စေချင်တယ်။ ဒါကိုပြန်အသက်သွင်းဖို့၊ ပြန်ပြီး မြေတောင် မြှောက်ဖို့ ဒီနေ့ ဆရာတို့ နှစ်ယောက်က ဆော်သြသူအဖြစ် တိုက်တွန်းနှိုးဆော်ဖို့ ဒီစာတမ်းကို ရေးတာပါ။

 

 အားလုံးကို ကျေးဇူးတင်ပါတယ်။

တွေ့ဆုံမေးမြန်း - ရီရီမြင့်

ဓာတ်ပုံ - ဇော်မင်းလတ်