သူလျိုလုပ်မှု သံသယဖြင့် အမေရိကန်နိုင်ငံသားကို ရုရှား ဖမ်းဆီးထိန်းသိမ်း

၁ ဇန်နဝါရီ

 

သူလျိုလုပ်မှု သံသယဖြင့်  မော်စကိုမြို့ရှိ အမေရိကန်နိုင်ငံသားတစ်ဦးကို ရုရှားလုံခြုံရေး အာဏာပိုင်များက  ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

 

အမေရိကန်နိုင်ငံသား ပေါလ်ဝီလန်ကို သူလျိုစွပ်စွဲချက်ဖြင့် ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ရုရှားဖက်ဒရယ် လုံခြုံ ရေးဌာနက တနင်္လာနေ့တွင် ပြောကြားခဲ့သည်။ အဆိုပါအဖွဲ့အစည်းက စွပ်စွဲထားသော သူလျို၏ အကြောင်းကို အသေးစိတ်ပြောကြားခြင်း မရှိပေ။

 

ဝါရှင်တန်မြို့တော်တွင် နေထိုင်သည့် ရုရှားအမျိုးသမီးတစ်ဦးကို သူလျိုလုပ်မှုဖြင့် ဇူလိုင်လ နောက်ဆုံးအပတ်အ တွင်း ဖမ်းဆီးခဲ့သည့်အတွက်  အမေရိကန် တရားစီရင်ရေး အာဏာပိုင်များကို ရုရှားနိုင်ငံက ဝေဖန်ခဲ့သည်။ သူမသည် အမေရိကန်ပြည်ထောင်စုရှိ နိုင်ငံရေးအဖွဲ့အစည်းများအတွင်း စိမ့်ဝင်ထိုးဖောက်ပြီး ရုရှားအစိုးရအ တွက် သူလျှိုလုပ်ခဲ့သည်ဟု ဆိုသည်။

 

၂၀၁၄ခုနှစ်အတွင်း  ယူကရိန်းနိုင်ငံပိုင် ခရိုင်မီးယားကို ရုရှားနိုင်ငံ တိုက်ခိုက်သိမ်းပိုက်ပြီးနောက်ပိုင်း အမေရိကန်နှင့် ရုရှားနိုင်ငံကြား ဆက်ဆံရေးမှာ အေးစက်လာခဲ့သည်။

 

၂၀၁၆ ခုနှစ်အတွင်း သမ္မတရွေးကောက်ပွဲတွင် ရုရှားနိုင်ငံက ဝင်ရောက်စွက်ဖက်ခဲ့မှုနှင့် ပြီးခဲ့သော နိုဝင်ဘာလ အတွင်း ယူကရိန်းရေတပ်သင်္ဘောများကို ရုရှားက ပစ်ခတ်ကာ သိမ်းပိုက်ခြင်းတို့က ရုရှားနှင့် အမေရိကန်နိုင်ငံ ကြား ဆက်ဆံရေးသည် ပိုမိုဆိုးရွားလာစေခဲ့သည်။

 

ကိုးကား-အန်အိတ်ချ်ကေ

 

ဘာသာပြန်-မေဇော်ထက်