သူနာပြုသင်တန်းကျောင်း (နေပြည်တော်)နှင့် သားဖွားသင်တန်းကျောင်း (နေပြည်တော်) သူနာပြု-သားဖွားဒီပလိုမာ(၃)နှစ်သင်တန်း “ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းပွဲ အခမ်းအနား”  ကျင်းပ

 

 

နေပြည်တော်  ဇွန် ၂၃

 

ကျန်းမာရေးဝန်ကြီးဌာန ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာန သူနာပြုသင်တန်းကျောင်း (နေပြည်တော်)နှင့် သားဖွားသင်တန်းကျောင်း (နေပြည်တော်)တို့၏ သူနာပြု-သားဖွား ဒီပလိုမာ (၃)နှစ်သင်တန်းမှ သင်တန်းသား သင်တန်းသူများအား “ဂျူတီကုတ်နှင့် ဦးဆောင်းအပ် နှင်းပွဲအခမ်းအနား” ကို ယနေ့နံနက် ၉ နာရီတွင် သားဖွားသင်တန်းကျောင်း(နေပြည်တော်) အစည်း အဝေးခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဒေါက်တာသက်ခိုင်ဝင်း၊ ညွှန်ကြားရေးမှူး ချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ ဆေးရုံအုပ်ကြီးများ၊ သူနာပြုအုပ်ကြီးများ၊ သူနာပြုအုပ်များ၊ သူနာပြုနှင့် သားဖွားသင်တန်းကျောင်း(နေပြည်တော်)မှ ကျောင်းအုပ်ကြီး၊ ကျောင်းအုပ်၊ သူနာပြုအရာရှိနှင့် နည်းပြများ၊ သင်တန်းသား သင်တန်းသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီးက သူနာပြု-သားဖွားသင်တန်းသား သင်တန်းသူများအနေဖြင့် စာတွေ့နှင့် လက်တွေ့ဆောင်ရွက်မှုများ ကွာဟမှုမရှိစေဘဲ စာတွေ့နှင့်လက်တွေ့ မျှမျှတတ ကျွမ်းကျင်စွာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် အရေးကြီး၍ သင်တန်းတွင် လေ့ကျင့်သင်ကြားပေးမှုများကို ဂရုတစိုက် လိုက်နာဆောင်ရွက်ကြစေလိုကြောင်း၊ နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် သူနာပြု-သားဖွား ဒီပလိုမာ(၃)နှစ်သင်တန်း ပထမနှစ်ဖွင့်လှစ်နေသည့် သူနာပြုနှင့် သားဖွားသင်တန်း ကျောင်း (၃၆)ကျောင်းနှင့် ဘက်စုံသားဖွားဒီပလိုမာ(၂)နှစ်သင်တန်း ပထမနှစ်ဖွင့် လှစ်နေသည့် သားဖွားသင်တန်းကျောင်း (၆)ကျောင်းတို့တွင် သူနာပြု-သားဖွားဒီပလိုမာ သင်တန်းသား သင်တန်းသူ (၁၆၁၀)ဦးနှင့် ဘက်စုံသားဖွားဒီပလိုမာ သင်တန်းသူ(၁၈၂)ဦးတို့အား ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းပွဲ အခမ်းအနားများကို ကျင်းပပေးအပ်လျက်ရှိကြောင်း၊ အဆိုပါ ကျောင်းများတွင် တက်ရောက်နေသည့် သင်တန်းသား သင်တန်းသူအားလုံးကို နေပြည်တော်ကောင်စီနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့များနှင့် တာဝန်ရှိသူများမှ လိုအပ်သည်များကို ကူညီပံ့ပိုးပေးလျက်ရှိကြောင်း။

 

အရည်အသွေးပြည့်ဝသော ပြည်သူလူထုက ယုံကြည်အားထားရသည့် သူနာပြုဆရာ၊ ဆရာမ ကောင်းများကို နိုင်ငံတော်၏ လိုအပ်ချက်နှင့်အညီ မွေးထုတ်နေခြင်းဖြစ်၍ သင်တန်းသား သင်တန်းသူများအနေဖြင့် ပညာရပ်များကို ကြိုးစားလေ့လာကြရန် လိုကြောင်း၊ ထို့ပြင် အတတ်ပညာနှင့် ကျွမ်းကျင်မှုသာမက ခံယူချက်ကောင်းသည့် ကျင့်ဝတ်သိက္ခာ စောင့်စည်းလိုက်နာသည့် နိုင်ငံတော်၏ကျေးဇူးသစ္စာကို စောင့်သိ သောတာဝန်သိ သူနာပြုဆရာ၊ ဆရာမကောင်းများ ဖြစ်အောင် ကြိုးစား ဆောင်ရွက်ကြရန် ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် နေပြည်တော် ပြည်သူ့ဆေးရုံကြီး(ခုတင်-၁၀၀၀) ဆေးရုံအုပ်ကြီးတို့က အတန်းအလိုက် ပညာရည်ချွန်ဆု ရရှိသူများအား ဆုများချီးမြှင့်ခဲ့ပြီး ပထမနှစ်သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားကာ သင်တန်းသား သင်တန်းသူများက ကရုဏာအလင်း သီချင်းဖြင့် စုပေါင်း သီဆိုဖျော်ဖြေကြသည်။

 

ယင်းနောက် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က နှုတ်ခွန်းဆက်စကား ပြောကြားပြီး တာဝန်ရှိသူများက သင်တန်းသား သင်တန်းသူများအား ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်း ခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)