သူပုန်တွေကိုတိုက်ဖို့ ဒေါ်လာ ၂၃၃ သန်းတန် ရဟတ်ယာဉ် အရောင်းအဝယ်စာချုပ် ဖိလစ်ပိုင် ချုပ်ဆို

မနီလာ ၆ ဖေဖော်ဝါရီ

ဖိလစ်ပိုင်ဟာ အမေရိကန်ဒေါ်လာ ၂၃၃ ဒဿမ ၃၆ သန်းတန်ဖိုးရှိ တိုက်ခိုက်ရေး ရဟတ်ယာဉ် ၁၆ စီးဝယ်ယူဖို့ ဒီကနေ့နံနက်ပိုင်းက ကနေဒါနဲ့ အရောင်းအဝယ် စာချုပ်တစ်ခု ချုပ်ဆိုခဲ့တယ်လို့ သိရပါတယ်။

ဖိလစ်ပိုင်စစ်တပ်ဟာ ကွန်မြူနစ်သူပုန်တွေနဲ့ အစ္စလာမ္မစ်စစ်သွေးကြွတွေကို တိုက်ခိုက်ဖို့ စစ်ဆင်ရေး အရှိန်မြှင့်နေတာ ဖြစ်ပါတယ်။

ကွန်မြူနစ်သူပုန်တွေနဲ့ အစ္စလာမ္မစ် စစ်သွေးကြွတွေ အုပ်စုပြန်ဖွဲ့ဖို့ ကြိုးပမ်းနေတာကြောင့် တဖြည်းဖြည်း ကြီးထွားလာနေတဲ့ ပြည်တွင်းရန်စွယ်တွေကို ဖြိုခွင်းနိုင်ရန် သမ္မတ ဒူတာတေးက လက်နက်ကိုင်တပ်ဖွဲ့ အဆင့်မြှင့်တင်မှုတွေကို ပြန်လည်အာရုံစိုက်နေတာဖြစ်ပါတယ်။ ၂၀၁၉ အစောပိုင်းမှာ Bell 412EPI ရဟတ်ယာဉ်တွေ လွဲပြောင်းပေးနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ရဟတ်ယာဉ်တွေကို ပြည်တွင်း လုံခြုံရေးဆိုင်ရာ စစ်ရေးဆောင်ရွက်ချက်တွေနဲ့ သဘာဝဘေး ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ အသုံးပြုမှာ ဖြစ်တယ်လို့ ဗိုလ်မှူးချုပ် ရက်စတီကျူတို ပဒီလာ က ပြောပါတယ်။

ယခုလို Bell ရဟတ်ယာဉ် ဝယ်ယူမှုဟာ ဒုတိယအကြိမ်ဖြစ်ပြီး ၂၀၁၄ တုန်းကလည်း ပီဆို ၄ ဒဿမ ၈ ဘီလီယံ တန်ဖိုးရှိလေယာဉ် ၈ စီး ဝယ်ယူခဲ့ပါသေးတယ်။

ဖိလစ်ပိုင်ဟာ ခေတ်မီလက်နက်ကိုင်တပ်ဖွဲ့ ဖော်ဆောင်ဖို့အတွက် နောက်ငါးနှစ်အတွင်း ပီဆို ၁၂၅ ဘီလီယံ အသုံးပြုသွားမှာဖြစ်ပြီး ရေပြင်နယ်နိမိတ်ကာကွယ်ရေးနဲ့ ပြည်တွင်းခြိမ်းခြောက်မှုတွေကို ရင်ဆိုင်ဖို့ စစ်လက်နက် ပစ္စည်းတွေနဲ့ ဆက်စပ်ပစ္စည်းတွေ ဦးစားပေးဝယ်ယူဖို့ အလေးထား ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

ဘာသာပြန်- မိုးမမ

ကိုးကား-ရိုက်တာ