သူ့ရဲ့ အနုပညာလက်ရာတွေနဲ့ပတ်သက်ပြီး မှတ်ချက်ပြုမှုကို ဂိုဟေဆန်း တုံ့ပြန်

တောင်ကိုရီးယားမင်းသမီးတစ်ဦးဖြစ်သူ ဂိုဟေဆန်းကို မြန်မာပရိသတ်တွေအနေနဲ့ Boys Over Flowers ဇာတ်လမ်းတွဲ ရုပ်ရှင်ရဲ့ အဓိကဇာတ်ဆောင်မင်းသမီး ဂင်ဂျန်ဒီအဖြစ် လူသိများပါတယ်။ သူဟာ အနုပညာနယ်ပယ်မျိုးစုံမှာ လှုပ်ရှားခဲ့ဖူးသူတစ်ဦးဖြစ်ပြီး လတ်တလောမှာတော့ သူ့ရဲ့ အနုပညာ လက်ရာတွေနဲ့ပတ်သက်ပြီး စာရေးဆရာတစ်ဦးဖြစ်သူ လီကျူဝန်က ရုပ်သံအစီအစဉ်တစ်ခုမှာ အရည်အသွေးမပြည့်မီကြောင်း ပြောကြားခဲ့ပြီးနောက် ဂိုဟေဆန်းက သူ့ရဲ့ အင်စတာဂရမ် စာမျက်နှာ ပေါ်ကနေတစ်ဆင့် တုံ့ပြန်ရေးသားဖော်ပြခဲ့ကြောင်း အောကေပေါ့ပ်ဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက် တွေအရ သိရပါတယ်။

မေ ၁၁ ရက်မှာ ဂိုဟေဆန်းက သူ့ရဲ့ အင်စတာဂရမ် စာမျက်နှာပေါ်မှာ လီကျူးဝန်ရဲ့ ပြောစကားတွေကို ပြန်လည်တုံ့ပြန်ရေးသားဖော်ပြခဲ့တာပါ။ ဆွေးနွေးပွဲတစ်ခုမှာ ဂိုဟေဆန်းရဲ့ လက်ရာနဲ့ အခြားသော နာမည်ကျော်တစ်ဦးဖြစ်သူ ဆော်ဘီရဲ့ အနုပညာလက်ရာတွေကို နှိုင်းယှဉ်ကာ ပိုမိုကောင်းမွန်သူကို ရွေးချယ်စေခဲ့ရာမှာ လီကျူးဝန်က ဂိုဟေဆန်းရဲ့ လက်ရာတွေဟာ မှတ်ချက်ပြုဖော်ပြဖို့ပင် မထိုက်တန် ကြောင်းနဲ့ သူဖန်တီးခဲ့သမျှသော အနုပညာလက်ရာတွေကို ပြန်လည်ကြည့်ရှုပါက တစ်ခုမျှပင် ကောင်းမွန်မှန်ကန်အောင် လုပ်ဆောင်နိုင်ခြင်းမရှိတာကို တွေ့ရကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

ဒီလိုပြောကြားခဲ့တဲ့အပေါ် ဂိုဟေဆန်းက သူ့ရဲ့ အနုပညာလက်ရာတွေအပေါ် ဝေဖန်မှုအတွက် ကျေးဇူးတင်ကြောင်း၊ ဒီလိုဝေဖန်ခဲ့တာကြောင့် သူ့ရဲ့ အနုပညာလက်ရာတွေကို ပရိသတ်တွေအနေနဲ့ နောက်တစ်ကြိမ် ပြန်လည်အမှတ်ရသွားစေကြောင်းနဲ့ သူ့ရဲ့ အနုပညာလက်ရာတွေကို စိတ်ခံစားမှု အပေါ်မှာသာအခြေခံကာ ရေးဆွဲခဲ့ပြီး ပန်းချီပြပွဲ ပြုလုပ်ခဲ့ချိန်က ပန်းချီကား ၅၀ ချပ် ပြသခဲ့ရာ ၄၈ ချပ် ရောင်းချခဲ့ရကြောင်းလည်း ထည့်သွင်းရေးသားဖော်ပြထားတာ တွေ့ရပါတယ်။

အေးပြည့်