သူတို့လို လုပ်ထုံးလုပ်နည်းတွေ၊ လုပ်ရတဲ့အချိန်တွေ ကုန်ကျစရိတ်တွေက သူတို့နီးပါးလောက်ဖြစ်လာလို့ရှိရင် ကျွန်တော်တို့ရဲ့ နိုင်ငံက သူတို့နီးပါး စီးပွားရေးလုပ်လို့ကောင်းတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်မှာပါ

၂ ဒီဇင်ဘာ

 

ရှင်းလင်းလွယ်ကူ တိုင်းပြည်ထူ ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲကျင်းပ

 

''ရှင်းလင်းလွယ်ကူ တိုင်းပြည်ထူ'' ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲ အပိုင်း(၂) ကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ရိုက်ကူးထုတ်လွှင့်ခဲ့ရာ အဆိုပါစကားဝိုင်းဆွေးနွေးပွဲတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူး၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) အထွေထွေမန်နေဂျာ ဦးတင်အောင်၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦးနှင့် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် အလုပ်အမှုဆောင် ဦးဇေယျသူရမွန်တို့က ပါဝင်ဆွေးနွေးကြသည်။ 

 

အစီအစဉ်မှူး။ ။ မီးပြတ်တောက်တာတွေနဲ့ ပတ်သက်ပြီးတော့ ဆောင်ရွက်နေမှု အခြေအနေတွေ၊ မီးမရရှိသေးတဲ့ အိမ်ထောင်စုတွေကို မီးပေးနိုင်ဖို့ ဆောင်ရွက်နေမှု အခြေအနေတွေ၊ လက်ရှိမှာ မီးရရှိမှုအခြေအနေတွေနဲ့ ပတ်သက်ပြီးတော့ ရှင်းလင်းပေးစေ လိုပါတယ်။

 

ဦးတင်အောင် ။ ။ မီးပြတ်တောက်တာကို ဆောင်ရွက်မှုနဲ့ ပတ်သက်လို့ ပထမပိုင်းမှာ ပြောခဲ့သလို လျှပ်စစ်ဓာတ်အား လွယ်လွယ်ကူကူရရှိတဲ့ စံနှုန်းကို ကမ္ဘာ့ဘဏ်ရဲ့ စစ်တမ်းမြို့အနေနဲ့ ရန်ကုန်ဧရိယာကို သတ်မှတ်ပြီးတော့ လုပ်ပါတယ်။ လုပ်တဲ့အတွက်ကြောင့် ဒီစကားဝိုင်းမှာ အဓိက အလေးပေး ပြောချင်တာက ရန်ကုန်ဧရိယာကိုပဲ အလေးပေးပြော ခွင့်ပြုပါ။ သူစစ်တမ်းလုပ်ထားတာက ရန်ကုန်ဖြစ်တဲ့အတွက် လက်ရှိတာဝန်ထမ်းဆောင်နေတာလည်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းဆိုတဲ့အတွက် ရန်ကုန်ကိုပဲ ဦးစား ပေးပြီးတော့ ဥပမာနဲ့ ပြောပြခွင့်ပြုပါ။

 

လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုဆိုတာ ကျွန်တော်တို့က Indicator ထဲမှာ အဓိက အချက်ကြီးတစ်ချက်အနေနဲ့ ပါဝင်ပါတယ်။ ပြတ်တောက်တဲ့ အကြိမ်အရေအတွက် လျှော့ချပေးဖို့၊ နောက်တစ်ခါ ပြတ်တောက်ချိန်လျှော့ချ ပေးဖို့ ဖြစ်ပါတယ်။ ကျွန်တော်တို့ လုပ်ဆောင်တာနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင် နံပါတ်တစ် ပြတ်တဲ့အကြိမ်ရေလျှော့ချင်ရင် မပြတ်အောင်လုပ်ရတာပါ။ မပြတ်အောင်လုပ်ဖို့ကို အဓိက လုပ်ပါတယ်။ 

 

ပထမရန်ကုန်ဧရိယာထဲမှာရှိတဲ့ အရင်သုံးခဲ့တဲ့ ကြေးနီကြိုးတွေသုံးထားတဲ့ နေရာတွေမှာ Insu-lated ဝိုင်ယာကြိုးတွေလည်း လဲတယ်။ ဘာကြောင့်လဲတာလဲ ပြောရရင် ကြေးနီဝိုင်ယာတွေက Insulated မပါတဲ့အတွက် သစ်ပင်၊ သစ်ကိုင်းတွေနဲ့ ထိတယ်။ အရင်သုံးထားတဲ့ ဝိုင်ယာကြိုးတွေဖြစ်တဲ့အတွက် ကြိုးအရွယ်တွေက သေးတယ်။ ယခု လက်ရှိအခြေအနေမှာ ရန်ကုန်မြို့ရဲ့ ဝန်အားတွေက အဆမတန် များပြားလာတယ်။ မူလကြိုးက သေးတဲ့အတွက် ကြိုးတွေခဏခဏ ပြတ်ကျတယ်။ ပြတ်ကျတဲ့ကြိုးတွေအပေါ် သစ်ကိုင်းတွေက ထိတယ်။ 

 

အဲဒီအခါမှာ ရှော့ဖြစ်ပြီး ကြိုးတွေ ပြတ်ကျတယ်။ ကြိုးပြတ်ကျတာနဲ့ တွဲပြီးတော့ ကြိုးပြတ်ကျတာဟာ တစ်နည်းအားဖြင့် လျှပ်စစ်ဓာတ်အားပြတ်သွားတာ ဖြစ်ပါတယ်။ ကြိုးပြတ်ကျရင် အလိုအလျောက် Protection System ပြတ်သွားတာရှိသလို မပြတ်သွားရင်လည်း ပိတ်ပစ်ရတယ်။ ပိတ်ပစ်လိုက်ရင် မီးပြတ်ပါတယ်။ Protection စနစ်က ဖြတ်ပစ်လိုက်ရင်လည်း မီးပြတ်တာပဲ၊ မီးမပြတ်တောက်ချင်ရင် ကြေးနီ ဝိုင်ယာတွေနေရာမှာ Insulated ကြိုးတွေနဲ့ အစားထိုးမယ်။ အစားထိုးပြီးရင် ရန်ကုန်တစ်မြို့ လုံးမှာ မိုင် ၂ဝဝ လောက်လဲပြီးပြီ။ 

 

ရန်ကုန်တိုင်းတစ်တိုင်းလုံး ပမာဏအားဖြင့် လဲဖို့ဆိုရင် စုစုပေါင်း မိုင် ၆ဝဝဝ လောက်ရှိတယ်။ ဒါပေမယ့် လတ်တလော မလဲနိုင်သေးပါဘူး။ အခုဆိုရင် မိုင် ၂ဝဝ လောက် လဲပြီးပြီ။ အခုမိုင် ၅ဝဝ လဲဖို့ လုပ်ထားပါတယ်။ တင်ဒါခေါ်ပြီးပြီ။ ပစ္စည်းတွေ ရောက်လာရင် မိုင် ၅ဝဝ ထပ်လဲမယ်။ ဒီနှစ် ဘတ်ဂျက်ထဲမှာဖြစ်ပါတယ်။ လာမယ့်နှစ်တွေ မှာလည်း ဒီလိုပဲဆက်ပြီးတော့ လဲမှာဖြစ်ပါတယ်။ 

 

နောက်ပိုင်း တဖြည်းဖြည်းနဲ့ ရန်ကုန်ဧရိယာ တစ်ခုလုံးမှာ Insulated ကြိုးတွေနဲ့ ဖြစ်သွားမယ်ဆိုရင် ဓာတ်လိုက်မှုအန္တရာယ်တွေ လျှော့ချသွား နိုင်မယ်။ သစ်ပင်သစ်ကိုင်းနဲ့ ထိပြီးတော့ အန္တရာယ် ဖြစ်တာတွေ လျော့ကျသွားမယ်။ မီးပြတ်ချိန်တွေ လျော့ကျသွားမယ်။ 

 

မီးပြတ်တဲ့အကြိမ်ရေ လျော့ကျသွားမယ့် လုပ်ငန်းစဉ်ကြီးတစ်ခု အပါအဝင် ဖြစ်ပါတယ်။ နောက်တစ်ခု မီးပြတ်ချိန်ကို လျှော့ချဖို့အတွက် Sectionalizer၊ Auto re-closer၊ fault passage Indicator တို့ တပ်နေပါတယ်။ ရန်ကုန်မှာ Auto re-closer အခုချိန်ထိဆိုရင် ၁၈ ခု တပ်ပြီးပါပြီ။ ဆက်လည်း တပ်ဦးမှာ ဖြစ်ပါတယ်။Sectionalizer လေးခု တပ်ပြီးသွားပြီ။ ကျွန်တော် တို့ ESE ဘက်မှာဆိုရင်လည်း ပြည်နယ်နဲ့ တိုင်း ဒေသကြီးတွေမှာ အခုသုံးဆယ်လောက်တပ်ပြီး သွားပြီ။ ဆက်လည်း တပ်ဆင်နေမှာ ဖြစ်ပါတယ်။ 

 

သူ့ကို ဘာကြောင့်တပ်ရလဲဆိုရင် မီးပြတ်ချိန် လျှော့ချဖို့အတွက် တပ်ရပါတယ်။ မီးပြတ်သွားရင် Auto re-closer ဆိုတဲ့အတိုင်းပဲ ခဏတစ်ဖြုတ် သွားပြီးရင် သူ့အလိုလို ပြန်တင်ပေးတဲ့စနစ် ပါဝင်ပါတယ်။ အဲဒါကြောင့် မီးပြတ်တဲ့အချိန်ကို လျှော့ချပေးနိုင်ပါတယ်။ သူ့မှာ ဖုန်းတွေမှာ အသုံးပြုတဲ့ ပုံစံမျိုးဆင်းကတ်လေးတွေပါတယ်။ 

 

ဆင်းကတ်လေးတွေပါတဲ့အတွက် အဲဒီဆင်းကတ်ကနေ Transmit လုပ်လိုက်ရင် ထိန်းချုပ်တဲ့ မြို့နယ်လျှပ်စစ်ရုံးတို့၊ ခရိုင်လျှပ်စစ်ရုံးတို့ ၊ တိုင်းရုံးတို့မှာ ဘယ်နေရာမှာ မီးပြတ်သွားပြီ။ Over Current ကြောင့် ပြတ်သွားတယ်။ လက်ရှိ Current က ဘယ်လောက်စီးနေတယ် ဆိုတာ အချိန်နဲ့အမျှ ပို့နေတဲ့အတွက် ကျွန်တော်တို့က အချိန်ပိုင်းအတွင်းမှာ Real Time မှာ ဘယ်နေရာမှာတော့ Over Load ဖြစ်သွားပြီ၊ ဘယ်နေရာမှာတော့ ပြတ်သွားပြီဆိုတာသိရင် ထိန်းချုပ်နိုင်တယ်။ 

 

အဲဒီနေရာမှာ ပြတ်သွားတယ်ဆိုတာသိရင် လိုက်ကြည့်စရာမလိုဘဲ အဲဒီနေရာမှာ ပြတ်နေပြီ၊ သွားကြည့်တော့၊ သွားပြင်တော့ဆိုပြီး အချိန်တိုအတွင်းမှာ ပြင်နိုင်ပါတယ်။ Auto re-closer Function လည်း ပါတဲ့အတွက်ကြောင့် ပထမတစ်ကြိမ်ပြန်တင်မယ်။ ဒုတိယအကြိမ် ပြန်တင်မယ်။ တတိယအကြိမ်ကျရင် မတင်တော့ဘူး။ ဒါကတော့ Fault ကို Clear ဖြစ်ပြီးမှ လူက ပြန်တင်ဆိုတဲ့ အမိန့်ပေးမှ ပြန်တင်တော့မယ်။ ဒါမျိုးစနစ်တွေ ဖြစ်နေမယ်။ တပ်ထားတဲ့အတွက်ကြောင့် မီးပျက်ချိန်ကို လျှော့ချပေးနိုင်ပါတယ်။ ဒါက Auto re-closer ဖြစ်ပါတယ်။

 

Sectionalizerဆိုတာလည်း မီးပျက်တဲ့အပိုင်းမှာ သူ့ Section အလိုက် ပိုင်းပေးနိုင်တယ်။ အရင်က လမ်းကြောင်းတစ်ခုလုံး မီးပျက်သွားပြီဆိုရင် အဲဒီရပ်ကွက်ကြီးတစ်ခုလုံးက မှောင်သွားနိုင်တယ်။ Sectionalizer တပ်ထား ခြင်းအားဖြင့် ချွတ်ယွင်းမှုဖြစ်တဲ့ အပိုင်းလောက်ပဲ မီးပျက်သွားမယ်။ ကျန်တဲ့အပိုင်းက မီးပြန်လာ နေမယ်။ မီးပျက်ချိန်ကို လျှော့ချပေးနိုင်မယ်။ ဒါဟာ မီးပြတ်တောက်မှုနဲ့ ပတ်သက်ပြီးတော့ ဘာလုပ်ထားသလဲဆိုတဲ့ မေးခွန်းကို ဖြေပေးတာ ဖြစ်ပါတယ်။

 

မီးရရှိမှုအခြေအနေက တစ်နိုင်ငံလုံးအနေနဲ့ ပြောရရင် တစ်နိုင်ငံလုံးမှာ အိမ်ထောင်စုပေါင်း ၁ဝ ဒသမ ၈၇၇ သန်းရှိတဲ့အနက်မှာ ၄ ဒသမ ၄၂၈ သန်းက မီးရသေးတယ်။ ၄၁ ဒသမ ၂ ရာခိုင်နှုန်းပဲ မီးရရှိပြီး ကျန်အိမ်ထောင်စုပေါင်း ၆ ဒသမ ၃၉၆ သန်းက လျှပ်စစ်ဓာတ်အား မရရှိသေးပါဘူး။ မီးလင်းရန်ကျန်ရှိတာက ၅၈ ဒသမ ၅ ရာခိုင်နှုန်းက အခုထိ မီးမရရှိသေးပါဘူး။ အဲဒါကို မီးရရှိရေးအတွက် ဆောင်ရွက်နေပါတယ်။ ဝန်ကြီးဌာန အနေနဲ့လည်း National Electrification Plan ဆိုပြီးတော့ ချမှတ်ပြီးတော့ တစ်နိုင်ငံလုံးရဲ့ မီးရရှိရေးအတွက်ကို ကြိုးစားအားထုတ်ပြီးတော့ ဆောင်ရွက်လျက်ရှိပါတယ်။

 

အစီအစဉ်မှူး။ ။ မြန်မာနိုင်ငံအနေနဲ့ စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်တဲ့ နေရာမှာ ပိုမိုအဆင်ပြေစေဖို့အတွက် ဘာတွေ တိုးတက်လုပ်ဆောင်ရမယ်လို့ မြင်ပါသလဲ။

 

ဦးဇေယျသူရမွန်။ ။ စီးပွားရေး လုပ်ငန်းတွေ တိုးတက်အောင်လုပ်ဖို့ဆိုတာ စီးပွားရေးလုပ်ရတာ လွယ်လာလို့ရှိရင် စီးပွားရေး လုပ်ငန်းကြီးတိုးတက်လာမယ်။ လူတိုင်း လူတိုင်းလည်း စီးပွားရေးလုပ်ရတာ အဆင်ပြေလာမယ်။ သိပ်တော်တဲ့သူမှ စီးပွားရေးလုပ်တတ်မယ်၊ သာမန်လူက စီးပွားလုပ်ရတာ ခက်နေမယ်ဆိုရင် သူတို့က တိုးမပေါက်ပါဘူး။ အဲဒီ Indicator အချက် ၁ဝ ခုက စီးပွားရေးလုပ်တဲ့အချိန်ကစပြီး စက်ရုံတွေဆောက်မယ်၊ လျှပ်စစ်မီးရမယ်၊ ငွေချေးမယ်၊ အရောင်းအဝယ်စာချုပ်ချုပ် စတဲ့ လုပ်ငန်းသိမ်းတဲ့အထိ တိုင်းတာတဲ့ဟာတွေ ပါတယ်။ မွေးဖွားတာကနေ သေဆုံးတဲ့အထိ တိုင်းတာထားတာ ဖြစ်ပါတယ်။

 

အဲဒီထဲက အချက်တွေအားလုံးမှာ နိုင်ငံတကာနဲ့ယှဉ်ရင် ကျွန်တော်တို့က တစ်ရာပေးရင် လေးဆယ့်လေးမှတ်ရပါတယ်။ အဆင့်နဲ့ကြည့်ရင် ၁၇၁ ရတယ်။ အကောင်းဆုံးနိုင်ငံတွေက နယူးဇီလန်နိုင်ငံက အကောင်းဆုံး ၁ဝဝ ပေးရင် ၈ဝ ကျော်ရတယ်။ အဆင့် ၁ ရတယ်။ စင်ကာပူ လည်းအတူတူပဲ။ ၈ဝ ကျော်ရတဲ့အတွက် အဆင့် ၂ ရတယ်။ သူတို့လို လုပ်ထုံးလုပ်နည်းတွေ၊ လုပ်ရတဲ့အချိန်တွေ ကုန်ကျစရိတ်တွေက သူတို့နီးပါးလောက်ဖြစ်လာလို့ရှိရင် ကျွန်တော်တို့ရဲ့နိုင်ငံက သူတို့နီးပါး စီးပွားရေးလုပ်လို့ကောင်းတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်မှာပါ။ ဒါပေမယ့် ကျွန်တော်တို့က မနက်ဖြန် အဲဒီနေရာကို ရောက်မလားဆိုတော့ မရောက်နိုင်ပါဘူး။ ကျွန်တော်တို့က နှစ်ပေါင်းများစွာ ရပ်တန့်ပြီးနေလာတယ်။ Regulation တွေကလည်း အများကြီးပြင်ရမယ်။ 

 

အဲဒါတွေကို ဒုတိယဝန်ကြီး ဦးဆောင်ပြီးတော့ Indicators ခေါင်းဆောင်တွေကလည်း အားစိုက်ပြီးတော့ လုပ်နေပါတယ်။ ကျွန်တော့်အနေနဲ့ပြောရရင် အစိုးရဘက်က လုပ်နိုင်သလောက် တော်တော်လေးလုပ်ထားပြီးပါပြီ။ အဲဒါကို စီးပွားရေးလုပ်ငန်းရှင်တွေက Utilize လုပ်ရမယ်။ ဥပမာအားဖြင့် ပါမစ်ဆိုရင် ဒေါ်လာ ၂ဝဝ ကုန်ကျမယ် တစ်ပတ်ကြာမယ်။ တကယ်တော့ ၃ ရက်ပဲ ကြာတယ်။ ဒေါ်လာ ၅ဝ ပဲကုန်ကျမယ်။ ဒါပေမယ့် Agent ကိုပေးလိုက်တဲ့အခါကျတော့ ဒေါ်လာ ၂ဝဝ ပဲ ယူတယ်၊ တစ်ပတ်ကြာမယ်ဆိုပြီးတော့ စီးပွားရေးလုပ်ငန်းရှင်တွေက အစိုးရဘက်က ပြုပြင်ပြောင်းလဲတာတွေကို မသိနိုင်သေးဘူး။ အဲဒါကို ဘယ်မှာသက်သေပြသလဲဆိုရင် သူတို့ဖြေတဲ့မေးခွန်းတွေမှာ အရင်နှစ်ကဖြေတဲ့အတိုင်းပဲ ပြောင်းလဲတိုးတက်မှုတွေ မသိသေးဘူး ဖြစ်နေတယ်။ 

 

အဲဒါကြောင့် စီးပွားရေးလုပ်ငန်းရှင်အနေဖြင့် အစိုးရဘက်ကနေ ဖြေလျှော့တာတွေ အကုန်လုံးကို Utilize လုပ်နိုင်မယ်ဆိုလို့ရှိရင် လက်ရှိအနေအထားမှာ အလုပ်အကိုင်စီးပွားလုပ်လို့ကောင်းတဲ့ အနေအထားမှာရှိပါတယ်။ ကျွန်တော်ကတော့ အဲဒီလိုမြင်ပါတယ်။

 

အစီအစဉ်မှူး။ ။Getting Electricity အတွက် ပုဂ္ဂလိကကဏ္ဍကနေပြီး ဒီနှစ်ထဲမှာလုပ်ဆောင်ခဲ့တာတွေ ဘယ်လောက် ထိ ရှိခဲ့တယ်ဆိုတာ သိလိုပါတယ်။ 

 

ဦးဇေယျသူရမွန်။ ။ ကျွန်တော်က လျှပ်စစ်လုပ်ငန်း ကို လုပ်တဲ့သူ၊ ဒီIndicator နဲ့ ပတ်သက်ပြီးလည်း ထဲထဲဝင်ဝင် စိတ်ဝင်စားတဲ့သူ ဖြစ်ပါတယ်။ ကမ္ဘာ့ဘဏ်ကနေပြီးတော့ ကျွန်တော်တို့ရဲ့ အချက်အလက်ထဲမှာ လျှပ်စစ်မီတာခကို ဝက်ဘ်ဆိုက်ထဲမှာ ရှာလို့မတွေ့ဘူးပြောတယ်။ လျှပ်စစ်ရဲ့ ဝက်ဘ်ဆိုက်ထဲမှာ မရှိဘူး။ ဒါပေမယ့် Doing Business Indicator ထဲမှာ ပါဝင်တဲ့ အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ DICA က ထုတ်ထားတဲ့ စာရင်းထဲမှာလျှပ်စစ်မီတာခနဲ့ တခြား Doing Business သက်ဆိုင်တဲ့ အချက်အလက် အများကြီးပါတယ်။

 

စီးပွားရေးလုပ်ငန်းတစ်ခု ဘယ်လိုလုပ်မယ် ဆိုတာတွေ အများကြီးပါတယ်။ ကမ္ဘာ့ဘဏ်က အွန်လိုင်းမှာ ရှာလို့တွေ့လားဆိုတော့ အွန်လိုင်းမှာ ရှာရင်ရှိတယ်။ သူရှာတာတော့ မရှိဘူး။ ဌာနက တစ်ပတ်အတွင်း ဝက်ဘ်ဆိုက်ကို တင်လိုက်တယ်။ ဝက်ဘ်ဆိုက် တင်လိုက်တဲ့အတွက် အမှတ်ပေးတဲ့ စာရင်းထဲမှာ အမှတ်တစ်ခုရသွားတယ်။ နောက်တစ်ခုက မီးပျက်တဲ့အကြိမ်ရေကို ဖော်ပြတဲ့ အညွှန်းကိန်းကို အွန်လိုင်းမှာရသလား မေးတယ်။ မီးပျက်တဲ့ အကြိမ်ရေ ဂဏန်းလေးတွက်ပြီးတော့ ဝက်ဘ်ဆိုက်မှာ တင်ထားလိုက်ရုံပါပဲ။ အင်ဂျင် နီယာတွေနဲ့ သေသေချာချာတွက်ပြီး အွန်လိုင်းမှာ တင်လိုက်တယ်။ အဲဒါတွေက ချက်ချင်းလက်ငင်း မြန်မြန်ပြင်တဲ့ဟာတွေ ဖြစ်ပါတယ်။ 

 

လျှပ်စစ်လုပ်ငန်းက လုပ်တဲ့ဟာတွေ ဖြစ်ပါတယ်။ တခြားဌာနမှာ လွန်ခဲ့တဲ့ သုံးနှစ်လောက်က ကြေညာထားတယ်။ ကမ္ဘာ့ဘဏ်ကလည်း မသိဘူး။ စီးပွားရေးလုပ်ငန်းတွေကလည်း မသိတော့ ဒီလုပ်ထုံးလုပ်နည်းတွေ ရှိပါတယ်လို့ ဖြေတယ်။ ကမ္ဘာ့ဘဏ် ကလည်း အစည်းအဝေးမှာ ဒါမရှိတော့ဘူးလို့ ပြောတာ လက်မခံဘူး။ မရှိတော့တဲ့ဟာတွေကို သက်သေပြရပါတယ်။ 

 

ဦးတင်အောင်။ ။ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီး ဌာနအနေနဲ့လည်း ပွင့်လင်းမြင်သာမှု လုပ်ပါတယ်။ လုပ်တဲ့နေရာမှာ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဝက်ဘ်ဆိုက် မှာလည်း တင်ထားပါတယ်။ လျှပ်စစ်ဓာတ်အားရရှိဖို့နဲ့ ပြည်သူ တွေသိအောင် ဘယ်လောက်ကုန်ကျမယ်။ ဘယ်နှရက်အတွင်း ပြီးအောင်လုပ်ပေးမယ်ဆိုပြီး ဝက်ဘ်ဆိုက်မှာ တင်ပါတယ်။ လက်ရှိမှာ ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှာ လုပ်နေပြီ၊ မန္တလေးမှာလည်း လုပ်နေပြီ၊ သူတို့လည်း ဝက်ဘ် ဆိုက်တင်တော့မယ်။ စုစုပေါင်း သုံးခုဖြစ်သွားပြီ။ ဝန်ကြီးဌာန ဝက်ဘ်ဆိုက်တစ်ခု၊ ကော်ပိုရေးရှင်း ဝက်ဘ်ဆိုက်နှစ်ခုတင်မှာ ဖြစ်ပါ တယ်။ ဝက်ဘ်ဆိုက်တင်တာနဲ့ မတင်ခင်ကလည်း မြို့နယ် လျှပ်စစ် ရုံးတိုင်းရုံးတိုင်းမှာ မီတာလျှောက်ရင် လုပ်ထုံးလုပ်နည်း၊ ကုန်ကျစရိတ်၊ ဘယ်လောက်ကြာမယ်ဆိုတာ ဗီနိုင်းတွေနဲ့ လူမြင်သာတဲ့၊ အများပြည်သူမြင်သာတဲ့နေရာမှာ ကပ်ထား ပါတယ်။ မြို့နယ်တိုင်း၊ မြို့နယ်တိုင်းမှာ ကပ်ခိုင်းထားပါတယ်။ ပွင့်လင်းမြင်သာမှုရှိအောင် ဒါတွေလုပ်ပေးပါတယ်။

 

ဦးဇေယျသူရမွန်(အလုပ်အမှုဆောင်၊ ကုန်သည်/စက်မှု အသင်းချုပ်)
ရှင်မင်း၊ ဓာတ်ပုံ-အေးသန်း
(ဆက်လက်ဖော်ပြပါမည်)