Test & Care ဧရာဝတီစင်တာ (မန္တလေး)ကို ဖွင့်လှစ်၍ မန္တလေးခရိုင်အတွင်းရှိ အနံ့ပျောက်သူများကို လက်ခံစစ်ဆေးပေးမည်

မန္တလေး၊  ၁၉  ဒီဇင်ဘာ

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်မှု၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ပံ့ပိုးမှု တို့ဖြင့် Test  & Care ဧရာ၀တီစင်တာ(မန္တလေး)  ကို ဒီဇင်ဘာ ၂၂ ရက်တွင် စတင်ဖွင့်လှစ် သွားမည် ဖြစ်ပြီး မန္တလေးခရိုင်အတွင်းရှိ အနံ့ပျောက်သူများကို ကိုဗစ်ရောဂါပိုးရှိ/မရှိ လက်ခံစစ်ဆေးသွားမည်ဟု သိရသည်။

မန္တလေးခရိုင်မှ မြို့နယ်များဖြစ်သော အောင်မြေသာဇံ၊ ချမ်းအေးသာဇံ၊ မဟာအောင်မြေ၊ ပုသိမ်ကြီး၊ ချမ်းမြသာစည်၊ ပြည်ကြီးတံခွန်နှင့် အမပူရမြို့နယ်များမှ အနံ့ပျောက်သူများကို စစ်ဆေးခွင့်ပေးမည်ဟု ဧရာဝတီစင်တာက သတင်းထုတ်ပြန်ထားသည်။

Test & Care ဧရာဝတီစင်တာ(မန္တလေး)တွင် စစ်ဆေးရန် https://bit.ly/37qg2My တွင် ဝင်ရောက် စာရင်းပေးသွင်းရမည်ဖြစ်ပြီး စစ်ဆေးခွင့်ရရှိသူများထံသို့ စစ်ဆေးရမည့် နေ့ရက်၊ အချိန်နှင့်အတူ QR Code တို့ကို ဖုန်း SMS ဖြင့်ပေးပို့အကြောင်းကြားသွားမည်ဖြစ်ပြီး သတ်မှတ်ထားသော နေ့ရက်၊ အချိန် အတိုင်း လာရောက်စစ်ဆေးမှုခံယူရမည်ဖြစ်သည်။

နေ့စဉ် နံနက် (၉)နာရီမှ မွန်းတည့်(၁၂)နာရီ၊ မွန်းလွဲ (၂)နာရီမှ ညနေ(၄)နာရီအထိ လက်ခံစစ်ဆေးပေး မည်ဟု သိရသည်။

Test & Care ဧရာ၀တီစင်တာ(မန္တလေး)သည် အနံ့ပျောက်လူနာများကိုသာ နေ့စဉ်စစ်ဆေးပေးသည့် နေရာဖြစ်သည့်အတွက် အနံ့မပျောက်ဘဲ လိမ်ညာလာရောက်စစ်ဆေးသူများအနေဖြင့် Positive လူနာ များနှင့် ထိတွေ့မှုရှိကာ ရောဂါကူးစက်နိုင်သည့် အန္တရာယ်ရှိသည့်အတွက် မလိုလားအပ်သည့် ပြဿနာ များ၊ အန္တရာယ်များ မဖြစ်ပွားစေရန်အတွက် မိမိကိုယ်တိုင် အသိစိတ်ဓာတ်ဖြင့် တာဝန်ယူပေးပါရန် လည်း မေတ္တာရပ်ခံထားကြောင်း သိရသည်။

ဖြိုးအိ