ထားဝယ်မြို့ကျက်သရေဆောင် လောကမာရဇိန်ဘုရားကြီး၌ ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲ ကျင်းပ

 

ထားဝယ် မေ ၂၂

 

ကဆုန်လပြည့်နေ့(ဗုဒ္ဓနေ့) ယနေ့တွင် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ထားဝယ်မြို့ ကျက်သရေဆောင် လောကမာရဇိန်ဘုရားကြီး၌ ကျင်းပသည်။

 

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက လောကမာရဇိန် ဘုရားကြီးဝင်းအတွင်းရှိ ကိန်းဝပ်စံပယ်တော်မူနေသော ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ပန်း၊ ရေချမ်း၊ ဆီးမီး ကပ်လှူပူဇော်ပြီး ကဆုန်လပြည့် (ဗုဒ္ဓနေ့) အထိမ်းအမှတ်အဖြစ် အလှူတော်ငွေကျပ် ၅၀၀၀၀၀ လှူဒါန်းရာ ဘုရားကြီး ဂေါပကအဖွဲ့က လက်ခံရယူသည်။

 

ထို့နောက် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲကို မဟာဗောဓိပင်၌ကျင်းပရာ တာဝန်ရှိသူများက နတ်ပင့်ဂါထာဖြင့် နတ်ဒေဝတာများကို ပင့်ဆောင်ပြီး မဟာဗောဓိဒုမေ နာထောဂါထာ" ကို ရွတ်ဆို၍ အခမ်းအနားအား ဖွင့်လှစ်ပြီး ကဆုန်လပြည့်ဗုဒ္ဓနေ့အကြောင်း စာတမ်းအားလည်းကောင်း၊ မဟာဗောဓိ ပရိဘောဂ စေတီတော်မြတ်အား ညောင်ရေသွန်းလောင်းပူဇော်ရန် ဂါထာတော်အားလည်းကောင်း ဖတ်ကြားကာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ဒေသခံပြည်သူများက မဟာဗောဓိပင်တော်အား ညောင်ရေသွန်းလောင်း ပူဇော်သည်။

 

ဆက်လက်၍ ဝတ်အသင်းအဖွဲ့များက သွန်းကြသွန်းကြရွှန်းပညောင်ရေ" ကဗျာသုံးပုဒ်ကို ရွတ်ဆို၍ ဆုတောင်းပတ္ထနာပြု ပူဇော်ပြီး ဗြဟ္မာ၊ နတ်၊ နဂါး၊ ဂဠုန်အဖွဲ့များ၊ ဝတ်အသင်းအဖွဲ့များနှင့် ပရိသတ်အားလုံးတို့က ဇယန္တော ဗောဓိယာမူလေစသော ဇယမင်္ဂလာနှစ်ဂါထာကို သုံးကြိမ်ရွတ်ဆို၍ ဆုတောင်းပတ္ထနာပြု ပူဇော်ကြသည်။ ထို့နောက် တာဝန်ရှိသူတစ်ဦးက နတ်ပို့ဂါထာဖြင့် နတ်ဒေဝတာများကို ပြန်လည်ပို့ဆောင်ကာ ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

 

ယင်းနောက် ဒေသခံပြည်သူများက မဟာဗောဓိညောင်ပင်အား ပျှော်ရွှင်အေးချမ်းစွာဖြင့် ညောင်ရေ သွန်းလောင်း ပူဇော်ခဲ့ကြပြီး ညောင်ရေသွန်းလောင်း ကုသိုလ်ပြုခဲ့ကြကြောင်း သတင်းရရှိသည်။

 

တိုင်းဒေသကြီး(ပြန်/ဆက်)