ထားဝယ်မြို့၌ ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲ ကျင်းပ

ထားဝယ် မေ ၁၄

ထားဝယ်မြို့ကျက်သရေဆောင် လောကမာရဇိန်ဘုရားကြီးဝင်းရှိ မဟာဗောဓိညောင်ပင်တွင် ကဆုန်လပြည့်နေ့( ဗုဒ္ဓနေ့) မေ ၁၄ ရက် နံနက်ပိုင်းက ကဆုန်ညောင်ရေသွန်းလောင်း ပူဇော်ပွဲ ကျင်းပခဲ့သည်။

ရှေးဦးစွာ လောကမာရဇိန်ဘုရားကြီးအတွင်း တည်ထားကိုးကွယ်သော ဗုဒ္ဓရုပ်ပွားဆင်းတုတော်မြတ်အား ဝန်ကြီးချုပ် ဦးမြတ်ကို၊ ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စောသန်းလှိုင်တို့က ပန်း၊ ရေချမ်း၊ ဆီမီး ကပ်လှူပူဇော်၍ ဖူးမြော်ကြည်ညိုကာ ဘုရားကြီးဂေါပကအဖွဲ့ထံသို့ အလှူငွေ ကျပ် ၁၀ သိန်း လှူဒါန်းသည်။

ထို့နောက် ကဆုန်ညောင်ရေသွန်းလောင်း ပူဇော်ပွဲအခမ်းအနားကို မဟာဗောဓိညောင်ပင်၌ ဆက်လက် ကျင်းပရာ တိုင်းဒေသကြီး သာသာနာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဇော်ထွန်းဝင်းက နတ်ပင့်ဂါထာဖြင့် နတ်ဒေဝါများအား ပင့်ဆောင်ပြီး အခမ်းအနားမှူးက မဟာဗောဓိဒုမေနာထောဂါထာ ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်သည်။ ဆက်လက်၍ တိုင်းဒေသကြီးသာသနာရေးဦးစီးမှူး ဦးဝင်းဇော်က ကဆုန်လပြည့်(ဗုဒ္ဓနေ့)အကြောင်း စာတမ်းနှင့် မဟာဗောဓိပရိဘောဂစေတီမြတ်အား ညောင်ရေသွန်းလောင်း ပူဇော်ဆပ်ကပ်သည့် ဂါထာအား ဖတ်ကြားသည်။

ယင်းနောက် ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက မဟာဗောဓိညောင်ပင်အား ညောင်ရေသွန်းလောင်းပူဇော်ပြီး တာဝန်ရှိသူတစ်ဦးက နတ်ပို့ဂါထာဖြင့် နတ်ဒေဝါများကို ပြန်လည်ပို့ဆောင်ကာ တက်ရောက်လာကြသူများက ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု  သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

ထို့နောက် ဒေသခံပြည်သူများက မဟာဗောဓိညောင်ပင်အား ပျော်ရွှင်အေးချမ်းစွာဖြင့် ညောင်ရေသွန်းလောင်း ပူဇော်ကြပြီး ညောင်ရေသွန်းလောင်း ပါဝင်ဆင်နွဲသူများကို စေတနာရှင်၊ အလှူရှင်များက  ဖျော်ရည်နှင့် မုန့်များဖြင့် ဧည့်ခံကျွေးမွေး ကုသိုလ်ပြုခဲ့ကြကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)