ထိန်းသိမ်းခံ ကမ္ဘောဒီးယားအတိုက်အခံခေါင်းဆောင် လွတ်မြောက်ရေးနဲ့ မဲပေးခွင့်ရရေး တောင်းဆို

ဖနွမ်းပင်  ၁ ဇန်နဝါရီ

ကမ္ဘောဒီးယားရဲ့ ထိန်းသိမ်းခံ အတိုက်အခံခေါင်းဆောင် ကင်ဆိုးခဟာ အရှေ့တောင်အာရှနိုင်ငံ ကမ္ဘောဒီးယားမှာ လွတ်လပ်တဲ့ ရွေးကောက်ပွဲ ကျင်းပရေးနဲ့ သူ့ရဲ့ လွတ်မြောက်ရေးအတွက် နှစ်သစ်ကူး ဆုတောင်းစကားအဖြစ် တောင်းဆိုလိုက်ကြောင်း တနင်္လာနေ့က ပြောကြားခဲ့ပါတယ်။

ကမ္ဘောဒီးယား အမျိုးသားလွတ်မြောက်ရေးပါတီ အတိုက်အခံခေါင်းဆောင် ကင်ဆိုးခကို စက်တင်ဘာလအတွင်းက ဖမ်းဆီးထိန်းသိမ်းထားတာပဲ ဖြစ်ပါတယ်။ သူဟာ အမေရိကန် အကူအညီနဲ့ ဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ ကြိုးကိုင်အစိုးရကို ဖြုတ်ချဖို့ ကြိုးစားနေတယ်ဆိုပြီး  စွပ်စွဲခံထားရတာပါ။ စွပ်စွဲချက်ကို သူ့ဘက်ကတော့ ဝန်ခံခြင်းမရှိဘဲ ငြင်းဆိုထားပြီး ဒါဟာ နိုင်ငံရေးလှုံ့ဆော်မှုတစ်ခုလို့ ပြောခဲ့ပါတယ်။

သမီးဖြစ်သူ ကင်မိုနိုဗီသီယာက လူမှုကွန်ရက်စာမျက်နှာ ဖေ့စ်ဘွတ်ပေါ်မှာ စာမျက်နှာ ၂ မျက်နှာပါရှိတဲ့ စာတစ်စောင် တနင်္လာနေ့က တင်ခဲ့ပါတယ်။ စာပါအကြောင်းအရာတွေကတော့ စီအင်အာပီပါတီ ဖျက်သိမ်းခံရပြီးတဲ့နောက် နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ပြစ်တင်မှုတွေကြောင့် ကမ္ဘောဒီးယားနိုင်ငံဟာ အကူအညီမဲ့နေပြီး နိုင်ငံရဲ့ နိုင်ငံခြားပို့ကုန် ဈေးကွက်မှာလည်း အရှုံးတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ကင်ဆိုးခက ပြောကြားထားကြောင်း ပါရှိပါတယ်။

လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကနေတစ်ဆင့် ကိုယ်စားလှယ် ခေါင်းဆောင်ကို ရွေးချယ်ခွင့် ပြည်သူတွေရရှိပြီး နိုင်ငံရေး ပဋိပက္ခတွေကို အကြမ်းမဖက်တဲ့ နည်းနဲ့ ဖြေရှင်းဖို့၊ နိုင်ငံစည်းလုံးညီညွတ်ဖို့ကို ကင်က တောင်းဆိုခဲ့ပါတယ်။ ကင်ဆိုးခရဲ့ စီအင်အာပီပါတီကို နိုဝင်ဘာလအတွင်းက အစိုးရရဲ့ တောင်းဆိုမှုကြောင့် ဥပဒေပြုနိုင်ငံရေးသမား ၁၀ဝ ကျော် ဆန့်ကျင်နေတဲ့ကြားက တရားရုံးချုပ်ကနေ ပယ်ဖျက်ခဲ့တာပါ။

၂၀၁၈ ခုနှစ်ရွေးကောက်ပွဲမှာ အီးယူနဲ့ အမေရိကန်တို့က သူတို့ရဲ့ အထောက်အပံ့တွေ ရုပ်သိမ်းဖို့ကိုလည်း ချက်ချင်းလုပ်ဆောင်ခဲ့ပါတယ်။ ကမ္ဘောဒီးယားနိုင်ငံ အထွေထွေရွေးကောက်ပွဲကို ဇူလိုင် ၂၉ ရက်မှာ ကျင်းပသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

(MDN)

ကိုးကား-ရိုက်တာ