ထိန်းသိမ်းသင့်သော မြေအောက်ရေ

 

တင်ထက်ထက်ဇော်

 

ကမ္ဘာကြီးတွင် ရေအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုနှင့် ရေရှည်တည်တံ့မှုဆိုင်ရာ ပြဿနာများကို ကိုင်တွယ်ဖြေရှင်းရာတွင် အထောက်အကူဖြစ်စေရန်အတွက် နှစ်စဉ် သြဂုတ် ၂၃ မှ စက်တင်ဘာ ၁ ရက်အထိကို “ကမ္ဘာ့ရေ ရက်သတ္တပတ်” အဖြစ် သတ်မှတ်ထားပါသည်။ ကမ္ဘာကြီး၏ ရေအရင်းအမြစ်များကို မီးမောင်း ထိုးပြရန်နှင့် ရေလျော့နည်းကျဆင်းမှုကို သတိပြုမိစေရန်အတွက် ယခုနှစ်ဆောင်ပုဒ်တွင် “မြေအောက်ရေ” ကို အဓိက ဖော်ညွှန်းထားပါသည်။

 

မြေအောက်ရေဆိုသည်မှာ မြေမျက်နှာပြင်အောက် မြေလွှာရှိ သဲ၊ ကျောက်စရစ် အတွင်း၌သော်လည်းကောင်း၊ ကျောက်လွှာကြားများ အတွင်း၌သော်လည်းကောင်း စိမ့်ဝင် ခိုအောင်းနေသောရေ ဖြစ်ပါသည်။  မြန်မာနိုင်ငံသည်  အရှေ့တောင်အာရှ နိုင်ငံများ၏     စုစုပေါင်း ရေအရင်းအမြစ် ၁၆ ရာခိုင်နှုန်းအထိ ပိုင်ဆိုင်ထားပြီး အာရှဒေသ၏ ရေအရင်းအမြစ် ၁၂ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပါသည်။ သို့သော် လူဦးရေ တိုးပွားလာမှု၊ မြို့ပြဖွံ့ဖြိုးလာမှုနှင့် သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှုများက ရေလိုအပ်ချက်ကို ပိုမိုမြင့်မားလာစေသည်။ ကျေးလက်ဒေသများတွင် စိုက်ပျိုးရေးလုပ်ငန်းများ တိုးချဲ့လာခြင်းနှင့် ကျေးရွာအခြေပြု စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးလာခြင်းတို့ကလည်း ရေအရင်းအမြစ်များကို တဖြည်းဖြည်း ကုန်ခန်းလာစေသည်။ အထူးသဖြင့်  မြို့ပြဒေသများ၌  မြေအောက်ရေကို အတိုင်းအဆမရှိ ထုတ်ယူနေမှုသည်  အနာဂတ်အတွက် ကြီးမားသည့် အန္တရာယ်ဖြစ်ပေါ်စေနိုင်ပါသည်။

 

အပြည်ပြည်ဆိုင်ရာ မြေအောက်ရေ အရင်းအမြစ်များ  လေ့လာသုံးသပ်မှုဗဟိုအဖွဲ့ (IGRAC) ၏ ထုတ်ပြန်ချက်အရ  မြန်မာနိုင်ငံသည် နှစ်စဉ်မြေအောက်ရေပမာဏကို သောက်သုံးရေအတွက် ၆၈ ရာခိုင်နှုန်း၊ စက်မှုလက်မှုကဏ္ဍအတွက် ကိုးရာခိုင်နှုန်းနှင့် စိုက်ပျိုးရေပေးသွင်းမှုအတွက် ၂၃ ရာခိုင်နှုန်း ထုတ်ယူသုံးစွဲလျက်ရှိကြောင်း သိရသည်။ လူဦးရေ ခုနစ်သန်းနီးပါး နေထိုင်သော ရန်ကုန်မြို့နေ ပြည်သူ အများစုသည် မြေအောက်ရေ (သို့မဟုတ်) အဝီစိတွင်းရေကိုသာ အသုံးပြုလျက်ရှိသဖြင့် မြေအောက်ရေကို အလွန်အကျွံသုံးစွဲခြင်းသည် ရေရှည်တွင် ရေအရင်းအမြစ်ဆိုင်ရာ အခက်အခဲများ ဖြစ်ပေါ် လာနိုင်ပါမည်။

 

သက်ရှိအားလုံးတို့အတွက် အရေးပါသော ရေ

 

ရေတွင် အာဟာရနှင့် ကယ်လိုရီမပါသော်လည်း သန့်ရှင်းဘေးကင်းသော ရေသည် လူသားများ၊ တိရစ္ဆာန်များ သက်ရှိအားလုံးတို့အတွက် အလွန်အရေးပါလှသည်။ ထို့ကြောင့် ကမ္ဘာ့စားနပ်ရိက္ခာနေ့၏ နေ့တစ်နေ့ဆောင်ပုဒ်တွင် “ဘဝအတွက်ရေ” ဟု သတ်မှတ်ထားကြောင်း လေ့လာသိရပါသည်။ ယနေ့အထိ ကမ္ဘာပေါ်တွင် စားနပ်ရိက္ခာမဖူလုံသော လူသားများရှိနေသလို သန့်ရှင်းသောသောက်သုံးရေ မရသည့် နိုင်ငံနှင့် လူသားများ ရှိနေဆဲဖြစ်ပါသည်။ ၂၀၂၅ ခုနှစ်ထဲတွင် ကမ္ဘာ့လူဦးရေ ထက်ဝက်ခန့်သည် ရေကို အခြေခံသော ရောဂါများကို ရင်ဆိုင်ရဖွယ်ရှိ ကြောင်း ပညာရှင်များက သုံးသပ်ထားသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ၂၀၅၀ ပြည့်နှစ်မှာ လူဦးရေ သန်းပေါင်း ၃၅၀၀ ခန့် ရေရှားပါးပြတ်လပ်မှုနှင့် ရင်ဆိုင်ရဖွယ်ရှိကြောင်း ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ကြီး က ကြိုတင်ခန့်မှန်းထားသည်။

 

ထို့ပြင် နှစ်စဉ် မတ် ၂၂ ရက်ကို “ကမ္ဘာ့ရေ သယံဇာတနေ့ @ World Water Day” အဖြစ် The United Nation General Assembly ကကြီးမှူး၍ ၁၉၉၃ ခုနှစ်တွင် စတင်သတ်မှတ်ပြီး အဖွဲ့ဝင် နိုင်ငံတိုင်းတွင် ကျင်းပလာခဲ့ကြသည်။ ထိုသို့ ကျင်းပ ရခြင်း၏ ရည်ရွယ်ချက်များမှာ ရေသယံဇာတ ထိန်းသိမ်းရန်၊ ရေအခက်မကြုံစေရန်၊ ရေကိုစနစ်တကျသုံးစွဲကြရန်၊ လုံခြုံဘေးကင်းသည့် ရေ၊ ကောင်းမွန်သည့်ရေနှင့် သန့်ရှင်းမှုစနစ်တို့ကို လက်လှမ်းမမီဘဲ ကျန်ရှိခဲ့သူ များစွာအတွက် အကြောင်းအရင်းများ အလေးထားရှာဖွေ ဖြေရှင်း ပေးကြရန်နှင့် ရေသယံဇာတ၏ အရေးပါမှုကို ဂရုပြု လာကြစေရန် ဖြစ်သည်။ ယခု ၂၀၂၂ ခုနှစ်အတွက် ကမ္ဘာ့ရေသယံဇာတနေ့၏ ဆောင်ပုဒ်မှာလည်း “မြေအောက်ရေ” ဖြစ်ပါသည်။

 

ဖော်ပြပါ ကမ္ဘာ့ရေ သယံဇာတနေ့ မတိုင်ခင်မှာ လည်း နှစ်စဉ် မတ် ၁၄ ရက်ကို “နိုင်ငံတကာ မြစ် ချောင်း၊ အင်းအိုင်များနေ့” ဟု သတ်မှတ် ကျင်းပ ကြပါသည်။ မြန်မာနိုင်ငံတွင်လည်း အမျိုးသား အဆင့် ရေအရင်းအမြစ်ကော်မတီကကြီးမှူး၍ ရေနှင့် သဘာဝရာသီဥတု ပြောင်းလဲမှုဆိုင်ရာ အသိ ပညာပေး ဟောပြောဆွေးနွေးပွဲများကို ကျင်းပ လေ့ရှိပါသည်။

 

အရေးပါသော ရေသယံဇာတ

 

ရေချိုသည် လူနှင့် တိရစ္ဆာန်များ၊ အပင်များ ရှင်သန်ရေးအတွက် မရှိမဖြစ် အရေးပါသည့် လိုအပ်ချက်တစ်ရပ်ဖြစ်သည်။ ထို့အတူ ရေသည် နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုတွင်လည်း အဓိက အခန်းကဏ္ဍတွင် ပါဝင်နေပါသည်။ လက်ရှိတွင် ကမ္ဘာ့လူဦးရေ တစ်ဘီလီယံခန့်သည် လုံခြုံဘေးကင်း သည့် သောက်သုံးရေ မရရှိနိုင်သေးသည့်အတွက် ၎င်းတို့၏ ကျန်းမာရေး၊ ပညာရေးနှင့် အသက်မွေး ဝမ်းကျောင်းလုပ်ငန်းများအပေါ် သက်ရောက်မှုများ ရှိနေသည်။ ကမ္ဘာ့လူဦးရေ ၂ ဒသမ ၃ ဘီလီယံခန့်သည်လည်း ကောင်းမွန်သည့် မိလ္လာစနစ်ဖြင့် အလှမ်းဝေးနေဆဲဖြစ်သည့်အတွက် ကုလသမဂ္ဂ အထွေထွေညီလာခံက ၂၀၁၈ - ၂၀၂၈ ခုနှစ်အထိကို ရေသယံဇာတဆိုင်ရာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုများအတွက် အကောင်အထည်ဖော် ဆောင်ရွက်ရန် ဆယ်စုနှစ်အဖြစ် သတ်မှတ်ထားပါသည်။

 

ရေချိုရှားပါးရခြင်း၏ အကြောင်းရင်းများတွင် ကမ္ဘာ့ရာသီဥတုပြောင်းလဲလာပြီး ကမ္ဘာကြီး ပူနွေးလာခြင်း၊ သဘာဝပတ်ဝန်းကျင်များ ထိခိုက်ပျက်စီးလာခြင်း၊ ရှိရင်းစွဲ ရေချိုအရင်းအမြစ်များကို ရေရှည် တည်တံ့အောင် ထိန်းသိမ်းမထားနိုင်ခြင်း၊ မြို့ပြများတွင် ရေဆိုးများစွန့်ပစ်မှု စနစ်တကျ မပြုလုပ်ခြင်း၊ မိလ္လာစနစ်များ စနစ်မကျခြင်း၊ အမှိုက်များကို မဆင်မခြင် စွန့်ပစ်ခြင်း၊ ဖြစ်ရိုးဖြစ်စဉ် မဟုတ်သော ရေချိုအရင်းအမြစ် ပျက်စီးမှုများ ဖြစ်ပေါ်ခြင်းတို့က အဓိကကျသည်။ ထို့ကြောင့် နှစ်စဉ် ရွာသွန်းသည့် မိုးရေကို သိုလှောင်ထိန်းသိမ်းခြင်း၊ မြေအောက်ရေ စိမ့်ဝင်နိုင်ရေးအတွက် သစ်ပင်သစ်တောများ ပြုစု ပျိုးထောင်ခြင်း၊ မြို့ပြများတွင် ရေစိမ့်ဝင်နိုင်မည့် ဧရိယာများနှင့် ရေကန်များ ဖန်တီးတည်ဆောက်ခြင်း၊ အမှိုက်၊ ရေဆိုးနှင့် မိလ္လာစွန့်ပစ်မှုများ စနစ်တကျ တည်ထောင်ခြင်း စသည့်နည်းလမ်းများ ရေသယံဇာတထိန်းသိမ်းရေး ဆောင်ရွက်မှုများဖြင့် ရာသီဥတုပြောင်းလဲမှုအပေါ် ရင်ဆိုင်တုံ့ပြန်နိုင် ကြပေလိမ့်မည်။

 

အဖိုးတန်ရေချိုကို ချွေတာကြစေလို

 

လူတစ်ဦး တစ်နေ့လျှင် ရေချိုရရှိမှု ၁၆၄ ကုဗ ပေအောက် လျော့နည်းနေပါက ရေချိုရှားပါးမှု ခံစား နေရခြင်း ဖြစ်သည်ဟုဆိုရာ မြန်မာ့အိမ်နီးချင်း ဖြစ်သော ထိုင်းနိုင်ငံက ၃၂၀ ကုဗပေ၊ အိန္ဒိယနိုင်ငံက ၁၅၆ ကုဗပေ ရရှိနေပြီး မြန်မာနိုင်ငံက ၁၀၃၂ ကုဗပေ ရရှိနေပါသည်။ မြန်မာနိုင်ငံတွင် ဧရာဝတီ၊ ချင်းတွင်း၊ စစ်တောင်း၊ သံလွင် စသည့်မြစ်ကြီးများနှင့် ရေချို မြစ်ချောင်းအင်းအိုင်တို့ ပေါများစွာရှိသည့်အတွက် ရေသယံဇာတ ကြွယ်ဝသည့် နိုင်ငံဟု ဆိုနိုင်ပါသည်။ မြန်မာနိုင်ငံ၏ ရေချိုထုတ်ယူရရှိနိုင်မှုမှာ ကမ္ဘာ့ အဆင့် (၈) တွင် ရှိနေပြီး မြို့ပြတွင် နေထိုင်သူများက တစ်နေ့လျှင် ရေဂါလန် ၃၀ ခန့်နှင့် ကျေးလက်တွင် နေထိုင်သူများက တစ်နေ့လျှင် ရေ ၁၅ ဂါလန် ခန့် သုံးစွဲနေကြကြောင်း လေ့လာသူတို့က ဆိုပါသည်။

 

သို့သော် အဆိုပါ ရေချိုသယံဇာတများကို ကောင်းစွာထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်သကဲ့ သို့ သိရှိနားလည်မှုနှင့် လက်တွေ့ထိန်းသိမ်း စောင့်ရှောက်မှုတို့ လွန်စွာနည်းပါးနေသည်။ ရွှေ၊ သတ္တု၊ ကျောက်မျက် စသည်တို့ တူးဖော်ထုတ်ယူမှု များ၊ ကျောက်စရစ်နှင့် သဲထုတ်ယူမှုများ စသည် တို့ကြောင့် မြစ်ချောင်းများ ရေစီးရေလာ ပိတ်ဆို့ ပျက်စီးခြင်း၊ သောက်သုံးရေ မရှိနိုင်တော့ခြင်း၊ မာကျူရီ၊ ဆိုင်ယာနက် အစရှိသည့် ဓာတုပစ္စည်းများ စည်းကမ်းမဲ့စွန့်ပစ်ခြင်း၊ စက်မှုဇုန်များမှ ရေဆိုးများ စွန့်ထုတ်ခြင်း၊ အမှိုက်များစွန့်ပစ်ခြင်း စသည်တို့ ကြောင့် မြစ်ချောင်းအင်းအိုင် ရေချိုသယံဇာတများ မဆုံးရှုံးစေရန် လူတစ်ဦးချင်း အသိပညာပေးမှုမှ စတင်ကာ မြို့ရွာများ၊ ဒေသများအလိုက် ဝိုင်းဝန်း ထိန်းသိမ်း စောင့်ရှောက်ကြမှသာ ရေရှည်တွင် သောက်သုံးရေနှင့် စိုက်ပျိုးရေအတွက် သောက ရောက်ရမည့်ဘေးမှ ကင်းဝေးနိုင်မည် ဖြစ်သည်။

 

အနီးစပ်ဆုံး ဥပမာ ပြရသော် ရန်ကုန်မြို့တော်သို့ ရေပေးဝေရာတွင် မြို့၏ မြောက်ဘက်တွင် တည်ဆောက်ထားသည့် ဂျိုးဖြူ၊ ဖူးကြီး၊ လှော်ကား၊ ငမိုးရိပ် စသည့် ရေလှောင်ကန်ကြီးများမှ ရေချိုကို နေ့စဉ် ဂါလန်ပေါင်း ၁၈၅ သန်းခန့်နှင့် ရန်ကုန်မြို့တွင်းနှင့် ဆင်ခြေဖုံးဒေသများတွင် တူးဖော်ထားသည့် မြို့တော်စည်ပင်ပိုင် အဝီစိတွင်းပေါင်း ၅၀၀ ကျော်တို့မှ ရေဂါလန်သန်း ၂၀ ခန့်တို့ကို ဖြန့်ဝေပေးနေခြင်းဖြစ်သည်။ ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီက မြို့တွင်းဖြန့်ဝေပေးနေသည့် ရေဂါလန် စုစုပေါင်း ၂၀၅ သန်းအနက် သန်း ၁၂၀ သာ သုံးစွဲသူထံရောက်ရှိပြီး ၈၅ သန်းမှာ ရေပိုက်များပျက်စီးခြင်း၊ ခိုးယူသုံးစွဲခြင်း စသည်တို့ကြောင့် လေလွင့် ပျောက်ဆုံးသွားသည်ဟု ဆိုသည်။ လက်ရှိ ရေဖြန့်ဝေနိုင်မှုသည် လိုအပ်ချက်၏ ၆၀ ရာခိုင်နှုန်း ခန့်သာရှိနေရာ ရန်ကုန်လူဦးရေ အားလုံးအတွက် ရာခိုင်နှုန်းပြည့် ရေလိုအပ်ချက် ဖြည့်ဆည်းပေးနိုင်ရန်မှာ ရေအလေအလွင့် မရှိရန်၊ စည်းကမ်းတကျ သုံးစွဲရန်နှင့် အခွန်တာဝန် ကျေပွန်ကြရန် လွန်စွာအရေးကြီးပါသည်။

 

mdn

 

ကမ္ဘာလုံးဆိုင်ရာ ထိန်းသိမ်းသင့်သော မြေအောက်ရေ

 

ဥရောပ၊ အမေရိကနှင့် အာရှဒေသအချို့တွင် ဖြစ်ပေါ်နေသော ပြင်းထန်သည့် မိုးခေါင်မှုသည် တစ်စထက်တစ်စ ပိုမိုဆိုးရွားလာနေပါသည်။

 

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် အလယ်ပိုင်းရှိ ခန်းခြောက်သွားသော မြစ်တစ်ခု၏ အောက်ခြေကြမ်းပြင်ပေါ်တွင် လွန်ခဲ့သော နှစ်ပေါင်း ၁၁၃ သန်းက ဒိုင်နို ဆောတစ်ကောင်၏ ခြေရာများကို တွေ့ရှိ ခဲ့ကြသည်။

 

တရုတ်နိုင်ငံ ယန်စီမြစ်၏ မြစ်လက်တက်သုံးခုတွင် မိုးခေါင်ရေရှားမှုကြောင့် စီချွမ်ပြည်နယ်ရှိ ယူနက်စကို ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်တစ်ခုဖြစ်သည့် လဲ့ဆန်း ဗုဒ္ဓရုပ်ပွားတော်ကြီး၏ အောက်ခြေပိုင်း ပေါ်ထွက်လာခဲ့သည်အထိ ရေမျက်နှာပြင် နိမ့်ကျခဲ့သည်။

 

ဗြိတိန်နိုင်ငံ၌လည်း မိုးခေါင်မှုကြောင့် သိမ်းစ်မြစ်၏ မြစ်ဖျားဒေသ မြစ်ရေခန်းခြောက်မှု ဖြစ်ပေါ်နေပါသည်။

 

အထက်ဖော်ပြပါ ဖြစ်စဉ်များ၏ အကြောင်းရင်းများမှာ ရာသီဥတုပြောင်းလဲမှု၏ နောက်ဆက်တွဲဖြစ်သော မိုးခေါင်မှုမှတစ်ဆင့် ရေအရင်းအမြစ်များ ဆုံးရှုံးလာခြင်းကြောင့် ဖြစ်ပါသည်။ ယနေ့ကမ္ဘာကြီးတွင် ကမ္ဘာ့လူဦးရေ တိုးပွားနေခြင်း၊ လူမှုဘဝ ဖွံ့ဖြိုးလာခြင်းကြောင့် ရေသုံးစွဲမှု ပိုမိုများပြားလာခြင်း၊ စီမံခန့်ခွဲမှု အားနည်းသော နိုင်ငံများ၌ ရေပြုန်းတီးမှု များပြားလာခြင်း၊ ရေကို လိုအပ်သည်ထက် သုံးစွဲမှုပိုမို များပြားလာခြင်း၊ ဖွံ့ဖြိုးမှုအတွက် စက်ရုံ၊ အလုပ်ရုံများမှ ရေကို ပိုမိုသုံးစွဲရခြင်းနှင့် ရာသီဥတုပြောင်းလဲမှုကြောင့် ကမ္ဘာကြီး၌ ရေအရင်းအမြစ်များ တဖြည်းဖြည်း လျော့ပါးလျက် ရှိနေပါသည်။

 

ထို့ပြင် ကမ္ဘာ့နေရာအနှံ့တွင် ရေရယူရန် အပြိုင်အဆိုင် ကြိုးပမ်းမှုများကြောင့် အုပ်စု အချင်းချင်း၊ နိုင်ငံအချင်းချင်း တင်းမာမှုများ၊ ပဋိပက္ခများလည်း ဖြစ်ပေါ်လျက်ရှိသည်။ ထိုသို့သော စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းရာ၌ မိမိတို့နိုင်ငံရှိ ရေအရင်းအမြစ်များအပေါ် စနစ်ကျသည့် စီမံခန့်ခွဲမှုမှာ အရေးကြီးသည့် ကိစ္စဖြစ်ပါသည်။ ထို့ကြောင့် အများပြည်သူတို့အနေဖြင့် ရေသုံးစွဲမှုကို ချွေတာ၍ အလေအလွင့်ဖြစ်မှုကို ထိန်းသိမ်းရန် အထူးလိုအပ်နေကဲ့သို့ တာဝန်ရှိသူများအနေဖြင့်လည်း မြေအောက်ရေ စီမံခန့်ခွဲမှုနှင့် စပ်လျဉ်းသော စည်းမျဉ်းစည်းကမ်းများအတိုင်း ထိရောက်စွာ အကောင်အထည် ဖော်ဆောင်နိုင်ကြစေလိုပါသည်။ သို့မှသာ အတိုင်းအဆမရှိ ထုတ်ယူနေသော မြေအောက်ရေ သယံဇာတများကို အချိန်မီ ထိန်းသိမ်းနိုင်ကြမည် ဖြစ်ပေတော့သည်။

 

အချုပ်အားဖြင့်ဆိုသော် မျက်မှောက်ကာလတွင် ရာသီဥတုပြောင်းလဲခြင်းနှင့် စားနပ်ရိက္ခာ ရရှိနိုင်ခြေ နည်းပါးလာခြင်းတို့၏ အရင်းခံမှာ ရေအရင်းအမြစ်ပင် ဖြစ်ပါသည်။ ထို့ပြင် မြေအောက်ရေ (အဝီစိရေ) များ အလွန်အကျွံ ထုတ်ယူအသုံးပြုမှုကလည်း သတိပြုရမည့် အချက်တစ်ချက်ဖြစ်ပါကြောင်း၊ မြေအောက်ရေကို အထိန်းအကွပ်မရှိ တူးဖော်သုံးစွဲမှုသည် မြေနိမ့်ကျခြင်း၊ ပင်လယ်နားနီးသည့် နေရာများ၌ ရေငန်ဝင်ရောက်ခြင်း၊ မြေအောက်ရေ မျက်နှာပြင်ကျဆင်းခြင်း၊ ဆောက်လုပ်ပြီးသား အဆောက်အအုံများ ပျက်စီးခြင်း စသည့်ဆိုးကျိုးများစွာတို့ကိုလည်း မလွဲမသွေ အနှေးအမြန် ခံစားရနိုင်ပါကြောင်း ထပ်ဆင့် သတိပေးရင်း ယခုနှစ် ကမ္ဘာ့ရေ ရက်သတ္တပတ် အတွက် အဓိကဖော်ညွှန်းထားသည့် “မြေအောက်ရေ” အကြောင်းကို သတိပြုမိကြစေရန် ရည်ရွယ်ကာ ရေးသား တိုက်တွန်းလိုက်ရပါသည်။