ထို့ကြောင့် ဤအရာကို သမ/ကျေးလက်ဟု ခေါ်ပါသည်

မြင့်စိုး(နတလ)

ယခင်နှင့်ယခု မှတ်တမ်းပြုရာကအစ

ကျွန်တော် မြင့်စိုး(နတလ)သည် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်ပင်သာယာရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာနတို့တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်ပေရာ နယ်စပ်ဒေသများ၏ ယခင်မဖွံ့ဖြိုးသေးသောအခြေအနေ၊ ယနေ့ဖွံ့ဖြိုးတိုးတက်ပြီး အစစအရာရာ ကွာဟပြောင်းလဲလာခဲ့သော အခြေအနေတို့ကို လက်တွေ့မြင်ခဲ့ဖူးကြုံခဲ့ဖူးသည်။ မှတ်တမ်းမှတ်ရာလည်း ပြုခဲ့ဖူးပါသည်။ ယခင်ပန်ဆန်းကျေးရွာ (၁၉၈၉)နှင့် ယနေ့ ပန်ဆန်းမြို့၊ ယခင်လောက်ကိုင်ကျေးရွာ(၁၉၈၉) နှင့် ယနေ့လောက်ကိုင်မြို့ မြင်ကွင်းများသည်လည်းကောင်း၊ ယခင်ပန်ဝါကျေးရွာနှင့် ယခုပန်ဝါမြို့၊ ယခင် နမ့်တစ်ကျေးရွာနှင့် ယခုနမ့်တစ်မြို့၊ ယခင်မိုင်းလားကျေးရွာ(၁၉၈၉)နှင့် ယခုမိုင်းလားမြို့ မြင်ကွင်းများသည်လည်းကောင်း၊ အလားတူ သံလွင်တံတား (တာကော်အက်) မတည်ဆောက်မီ သံလွင်မြစ်ကို ပွန်တွန်းလှေဖြင့် ဖြတ်ကူးခဲ့ရပုံ၊ မိုင်းလား အ.ထ.ကကျောင်းကြီး ဖြစ်မလာမီ ရှေးနှစ်ပေါင်းများစွာက မိုင်းလား အ.မ.က ကျောင်းလေးကို သက်ငယ်မိုးထရံကာ၊ ဝါးစာသင်ခုံလေးများဖြင့် ဆောက်လုပ်ဖွင့်လှစ်သင်ကြားပေးခဲ့ရပုံများကိုလည်းကောင်း နှလုံးသားကင်မရာဖြင့် ပြက်ပြက်ထင်ထင် ရိုက်ထားမိသကဲ့သို့ မှတ်တမ်းဓာတ်ပုံများကိုလည်း နှောင်းလူတို့ သိရှိစေရန်အလို့ငှာ ထုတ်ဝေခဲ့ဖူးသည့် စာအုပ်အမျိုးမျိုးတွင် ဖော်ပြပေးထားပါသည်။ ထို့ပြင်တဝ နတလလုပ်ငန်းများ၏ အစ ၁၉၈၉ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်းဝန်ကြီးတာဝန်၊ ဒုတိယဝန်ကြီး တာဝန်ထမ်းဆောင်သွားခဲ့သူများ၊ နတလညွှန်ကြားရေးမှူးချုပ်တာဝန် ထမ်းဆောင်ခဲ့သူများကိုလည်း မှတ်တမ်းပြုပေးခဲ့ဖူးသည်။ ပြည်ထောင်စုဝန်ကြီးတာဝန် ထမ်းဆောင်ခဲ့သူများ၏ ဓာတ်ပုံများကို ထမ်းဆောင်ခဲ့သည့် ကာလနှင့်တွဲ၍ အစည်းအဝေးခန်းမ၌ ချိတ်ဆွဲဂုဏ်ပြုပေးခဲ့သည်။ ကျွန်တော်ရှိနေစဉ်ကာလ၌ ဒုတိယဗိုလ်ချုပ်ကြီး မောင်သင့် (ကွယ်လွန်) (၂၄-၉-၁၉၉၂ မှ ၁၅-၁၁-၁၉၉၇)မှသည် ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင် (၃-၃-၂၀၁၆ မှ စတင်သည်) အထိဖြစ်ပါသည်။ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၏ နောက်လက်ရှိ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတာဝန်ကို ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် ထမ်းဆောင်လျက်ရှိပါသည်။

ထိုကဲ့သို့ မှတ်တမ်းပြုခဲ့ဖူးသဖြင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၌ တာဝန်ထမ်းဆောင်ရချိန်မှာလည်း ပြည်ထောင်စုဝန်ကြီးအဆက်ဆက်၏ ဓာတ်ပုံများ ချိတ်ဆွဲထားရှိရန် အကြံပြုပေးခဲ့ပါသည်။ ထိုသို့အကြံပြုချက်အရ ဝန်ကြီးရုံးအစည်းအဝေးခန်းမတွင် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသော ဗိုလ်ချုပ်ချစ်ဆွေ (၁၉၈၈-၁၉၈၉)၊ ဒုတိယဗိုလ်ချုပ်ကြီး အောင်ရဲကျော် (၁၉၈၉-၁၉၉၂)၊ ဗိုလ်ချုပ်မြသင်း(၁၉၉၂-၁၉၉၃)၊ ဦးသန်းအောင် (၁၉၉၃-၁၉၉၈)၊ ဦးအောင်စန်း (၁၉၉၈-၂၀၀၂)၊ ဒုတိယဗိုလ်ချုပ်ကြီး တင်ငွေ (၂၀၀၂-၂၀၀၃)၊ ဗိုလ်ချုပ်ဌေးဦး (၂၀၀၃-၂၀၀၄)၊ ဗိုလ်မှူးကြီးဇော်မင်း (၂၀၀၄-၂၀၀၆)၊ ဗိုလ်ချုပ်တင်ထွတ် (၂၀၀၆-၂၀၁၁)၊ ဦးအုန်းမြင့် (၂၀၁၁-၂၀၁၂)၊ ဦးကျော်ဆန်း (၂၀၁၂-၂၀၁၅) တို့၏ မှတ်တမ်းဓာတ်ပုံများကိုလည်းကောင်း၊ သမဝါယမဝန်ကြီးဌာနကြီး ငါးနှစ်တာ ပျောက်ကွယ်သွားပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ၂၀၂၁ ခုနှစ် ဇွန်လ ၁၇ ရက်နေ့တွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနကို ပြန်လည်ဖွဲ့စည်းပေးသောအခါ ပြည်ထောင်စုဝန်ကြီး တာဝန်ယူခဲ့ရသည့် ဦးလှမိုး၏ ဓာတ်ပုံကိုလည်းကောင်း ချိတ်ဆွဲထားရှိ မှတ်တမ်းပြုပေးခွင့်ရခဲ့ပါသည်။

အတိတ်ကာလဆီက သမဝါယမနိဒါန်း

ကျွန်တော်က ဤသို့ဆိုလိုက်သဖြင့် သမဝါယမဆိုသည်မှာ နဝတ၊ နယကခေတ်ကစခဲ့သလားဟူ၍ သို့လောသို့လော တွေးစရာဖြစ်သွားနိုင်ပါသည်။ မဟုတ်ပါ။ သမဝါယမ၏လာရာကို ပြန်လည်မှန်းဆကြည့်လိုက်လျှင် ရှေးနှစ်ပေါင်းများစွာကတည်းက သန္ဓေတည်ခဲ့သော၊ အစဉ်အလာကောင်းများနှင့် ခရီးနှင်ခဲ့သော သမဝါယမအခန်းကဏ္ဍ၏ နိဒါန်းအစအထိ လှမ်း၍တွေ့မြင်ရပါလိမ့်မည်။ အဆိုပါကာလများ၌ သမဝါယမမင်းကြီး၊ သမဝါယမဝန်ကြီး တာဝန်ထမ်းဆောင်ခဲ့သူများကို ခေတ်အလိုက် ခွဲခြား ဖော်ပြပေးလိုပါသည်။ ကိုလိုနီခေတ်ကာလဖြစ်သော ၁၉၀၄ ခုနှစ်မှ ၁၉၀၆ ခုနှစ်များအတွင်း သမဝါယမမင်းကြီးတာဝန်ကို Mr. Fielding Hall ၊ Mr. English ၊ Mr. Clayton ၊ Mr. C.Wc Dumm၊ Mr. C.R.p Cooper ၊ Mr. F.H Fergaty ၊ Mr. R.K. Hamper ၊ ဦးဘိုတင်၊ ဦးတင်ကြီး၊ ဦးကြင်၊ ဦးတင်၊ ဦးအောင်စိုးတို့ ထမ်းဆောင်ခဲ့ကြသည်။ ပါလီမန်ခေတ်တွင် ဦးကျော်ငြိမ်း၊ ဦးထွန်းဝင်း၊ ဦးသာခင်နှင့် ဗိုလ်မှူးချုပ်တင်ဖေတို့က ဝန်ကြီးများဖြစ်ခဲ့ကြပြီး ဦးစိုးတင့်၊ ဦးညီညီနှင့် ဦးစောစံရွှေတို့က သမဝါယမ မင်းကြီးအနေဖြင့် တာဝန်ထမ်းဆောင်ခဲ့ကြပါသည်။ ဆိုရှယ်လစ်ခေတ် သမဝါယမဝန်ကြီးများမှာ ဗိုလ်မှူးချုပ်တင်ဖေ၊ ဗိုလ်မှူးကြီးမောင်လွင်၊ ဦးဘညိမ်း၊ ဗိုလ်မှူးကြီး စိန်လွင်၊ ဗိုလ်မှူးကြီး ထွန်းတင်၊ ဗိုလ်မှူးကြီးစိန်ထွန်းနှင့် ဦးသန်းလှိုင်တို့ ဖြစ်ကြပါသည်။

Co-operation မှ သမဝါယမသို့

အိန္ဒိယနိုင်ငံကဲ့သို့ပင် မြန်မာနိုင်ငံသည်လည်း ၁၈၈၅ ခုနှစ် အင်္ဂလိပ်-မြန်မာ တတိယစစ်ပွဲအပြီး ၁၈၈၆ ခုနှစ်တွင် ဗြိတိသျှနယ်ချဲ့လက်အောက်ခံ ကိုလိုနီဘဝသို့ ကျရောက်ခဲ့သည်။ ၁၈၉၇ ခုနှစ် မေလ ၁ ရက်နေ့တွင် မြန်မာနိုင်ငံကို အိန္ဒိယအင်ပါယာ၏ တစ်စိတ်တစ်ဒေသအဖြစ် ထားရှိကာ အိန္ဒိယဗဟို အစိုးရ ကွပ်ကဲမှုအောက် ဒုတိယဘုရင်ခံတစ်ဦးထားရှိ၍ အုပ်ချုပ်ခဲ့သည်။ အိန္ဒိယဗဟိုအစိုးရသည် ဥရောပတိုက်ရှိ ဂျာမနီ၊ အီတလီနိုင်ငံများ၌ အောင်မြင်မှုရရှိနေသော သမဝါယမလုပ်ငန်းများကို စံနမူနာယူ၍ သမဝါယမအက်ဥပဒေတစ်ရပ်ရေးဆွဲကာ ၁၉၀၄ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည်။ ယင်းဥပဒေသည် ထိုစဉ်က အိန္ဒိယလက်အောက်ခံ မြန်မာနိုင်ငံအတွက်လည်း အလိုအလျောက်သက်ရောက်စေခဲ့သည်။ သည့်အတွက် မြန်မာနိုင်ငံ၌ ၁၉၀၅ ခုနှစ်မှစ၍ သမဝါယမအသင်းများ ဖွဲ့စည်းတည်ထောင်ခဲ့သည်။ တစ်နည်းဆိုရသော် အိန္ဒိယနှင့်မြန်မာနိုင်ငံတို့သည် နိုင်ငံတွင်း စီးပွားရေးကျပ်တည်းမှုပြဿနာကို ဖြေရှင်းရာတွင် ဆောင်ရွက်ခဲ့သော ဂျာမနီ၊ အီတလီတို့၏ နည်းလမ်းကို အတုယူခဲ့ကြခြင်းဖြစ်သည်။ ၎င်းတို့၏ စီးပွားရေးကျပ်တည်းမှုပြဿနာကို ဖြေရှင်းသည့်နည်းလမ်းမှာ လူအများစုပေါင်း၍ အသင်းများဖွဲ့စည်းလုပ်ကိုင်သည့် နည်းစနစ်ဖြစ်သည်။ Co-operation ဟု ခေါ်ဝေါ်ခဲ့ပြီး “အတူတကွပူးပေါင်း၍ ဆောင်ရွက်ခြင်း” ဟု အဓိပ္ပာယ်ရပါသည်။

မြန်မာနိုင်ငံအတွက်မူ Co-operation ဆိုသည့် အင်္ဂလိပ်စကားလုံးကို ဘာသာပြန်ဆိုရန် လိုအပ်လာသဖြင့် အစိုးရဘာသာပြန်ဌာန (Government Translation Department) က ပါဠိစကားလုံး သမနှင့် အခြားစကားလုံးဝါယမတို့ကိုယူ၍ “သမဝါယမ”ဟူသော ပါဠိပျက်ဝေါဟာရ အသစ်တစ်ခု တီထွင်ပြန်ဆိုပေးခဲ့ပါသည်။ သမဆိုသည့် ပါဠိစကားသည် မျှမျှတတ၊ ညီတူညီမျှဟူသော အနက်ကိုပေးသည်။ ဝါယမ(ဝါယာမ)က လုံ့လပြုသည်၊ ကြိုးပမ်းသည်၊ အားထုတ်သည်ဟု အဓိပ္ပာယ်ရသည်။ Co-operation က အတူတကွ ပူးပေါင်းဆောင်ရွက်ခြင်းဟု ယေဘုယျအဓိပ္ပာယ်ကိုသာ ဖော်ဆောင်သော်လည်း သမဝါယမအဓိပ္ပာယ်ကမူ ပို၍လေးနက်သည်။ လုပ်ငန်းတစ်ခုခုကို လူအများ စုပေါင်းဆောင်ရွက်ကြရာ၌ ပါဝင်သောပုဂ္ဂိုလ်တိုင်းသည် မိမိ၏ ကာယ၊ ဉာဏလုပ်အားများဖြင့် မိမိစွမ်းဆောင်နိုင်သည့် နေရာအသီးသီးမှ ရေသာမခိုလှေကြုံမလိုက်ဘဲ အများနှင့်ညီတူညီမျှ တက်ညီ လက်ညီအတူတကွ ပူးပေါင်းဆောင်ရွက်ကြခြင်းဟု အနက်အဓိပ္ပာယ်ဖွင့်ဆိုထားပါသည်။ (တွဲဖက် သမဝါယမမင်းကြီး ဦးလှမောင် ရေးသားသော သမဝါယမနိဒါန်းမှ)။ ထိုအချက်အလက်များကိုထောက်ရှု၍ သမဝါယမဟူသော စကားရပ်သည် မြန်မာနိုင်ငံ၌ သမဝါယမအသင်းများ တည်ထောင်ခဲ့သည့် ၁၉၀၅ ခုနှစ်ကပင် စတင်ပေါ်ပေါက်လာခြင်းဖြစ်ကြောင်း လေ့လာသိရှိရပါသည်။

သမဝါယမဝေါဟာရကို တီထွင်ခဲ့သူ ဦးမောင်မောင်ပြား

ဦးမောင်မောင်ပြားသည် မြန်မာဘုရင်သီပေါမင်း လက်ထက်မြင်းတပ်ကို တာဝန်ခံအုပ်ချုပ်ရသော မင်းကြီးမဟာမင်းလှကျော်ထင်ဘွဲ့ရ မြင်းစီးဝန်ကြီး ဦးသောကြာ၏ သားဖြစ်သည်။ ဦးမောင်မောင်ပြားသည် ဘုန်းကြီးကျောင်းထွက်တစ်ဦးဖြစ်ပြီး ကျောက်ကန်ထရိုက်လုပ်ငန်းများ ဆောင်ရွက်၍သမဝါယမစည်းရုံးရေးမှူး တာဝန်ကိုလည်း ထမ်းဆောင်ခဲ့သူဖြစ်သည်။ မြန်မာနိုင်ငံ၌ ၁၉၀၅ ခုနှစ်တွင် သမဝါယမလုပ်ငန်းများစတင်ခဲ့ရာ ပထမဆုံးသမဝါယမမင်းကြီး Mr. Fielding Hall နှင့်အတူ သမဝါယမအသင်းများဖွဲ့စည်းရန်အတွက် စေတနာ့ဝန်ထမ်းစည်းရုံးရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သူဖြစ်သည်။ ထို့ပြင် ဦးမောင်မောင်ပြားသည် Co-operation စကားရပ်ကို “သမဝါယမ”ဟူသော ပါဠိပျက်စကားရပ်သို့ ဘာသာပြန်ဆိုပေးခဲ့သူဖြစ်ကြောင်း မှတ်တမ်းများအရ သိရှိရပါသည်။ ၁၉၁၆ ခုနှစ်တွင် သမဝါယမအသင်း စည်းကမ်းအမေးအဖြေစာအုပ်ကို မြန်မာဘာသာဖြင့် ပထမဆုံးရေးသားပြုစုခဲ့သူလည်းဖြစ်သည်။ သမဝါယမ ဝန်ထောက်မင်းအဖြစ် ရာထူးတိုးမြှင့်ခြင်းခံရပြီး အမှုထမ်းကောင်းဆုတံဆိပ် (A.T.M, C.I.E, M.B.E) ဘွဲ့တံဆိပ်များ အပ်နှင်းခြင်းခံရသည်။

မနာလိုလောက်အောင်ဖြစ်

၁၉၁၅ ခုနှစ် ဩဂုတ် ၂၄ ရက်မှ ၂၇ ရက်အထိ မန္တလေးမြို့၌ ကျင်းပခဲ့သော တတိယအကြိမ် စိုက်ပျိုးရေးနှင့် သမဝါယမနှီးနှောဖလှယ်ပွဲ၌ လက်ထောက်ဘုရင်ခံချုပ်တက်ရောက်ပြီး နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း၊ ထိုသို့ပြောကြားရာတွင် ကျွန်ုပ်တို့ မနာလိုလောက်အောင်ဖြစ်စေသည်အထိ သမဝါယမရည်းမှန်းချက်၊ ရည်ရွယ်ချက်များနှင့်ပတ်သက်သော ဗဟုသုတများစွာရှိသည့်အပြင် ၎င်းဗဟုသုတများကို ဝေမျှပေးရာတွင် စကားပြောကောင်းပြီး စွမ်းအားအပြည့်ဆောင်ရွက်ခဲ့သော သမဝါယမဝန်ထောက် ဦးမောင်မောင်ပြားအား အထူးပင်ကျေးဇူးတင်ပါသည်ဟု ထည့်သွင်းပြောကြားခဲ့ကြောင်း သိရှိရသည်။ သမဝါယမဝန်ထောက် ဦးမောင်မောင်ပြား၏ စိတ်ဝင်စားမှု၊ စိတ်အားထက်သန်မှုတို့ကြောင့် ၁၉၁၉ ခုနှစ်မှ ၁၉၂၁ ခုနှစ်အတွင်း မလှိုင်သမဝါယမ ဝါကြိတ်စက်ရုံကို တည်ထောင်ခြင်း၊ စစ်ကိုင်းသမဝါယမဆန်စက် ပေါ်ပေါက်လာရခြင်းတို့အပြင် မန္တလေးသမဝါယမ အသင်းကိုလည်း အောင်မြင်စွာ ဖွဲ့စည်းနိုင်ခဲ့ကြောင်း သိရသည်။

စိုက်ပျိုးရေးနှင့် သမဝါယမ နှီးနှောဖလှယ်ပွဲများ

စိုက်ပျိုးရေးနှင့် သမဝါယမနှီးနှောဖလှယ်ပွဲကို ၁၉၁၁ ခုနှစ်တွင် မန္တလေးမြို့တော် ရွှေနန်းတော်တောင်စမုခ်၌ စတင်ကျင်းပခဲ့ပြီး ဘုရင်ခံကိုယ်တိုင် ဖွင့်လှစ်ပေးခဲ့သည်။ နှစ်နှစ်လျှင် တစ်ကြိမ်ကျင်းပရန် သတ်မှတ်ပြီး ၁၉၂၅ ခုနှစ်အထိ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။ ယင်းနှီးနှောဖလှယ်ပွဲများတွင် ကုန်စည်ပြပွဲများလည်း ပါဝင်ခဲ့ပေရာ ဆောင်းဒါးရက်ကန်း ပညာသင်တန်းကျောင်း (ယခု ဆောင်းဒါး ရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံ)၊ အမရပူရ နှင့် မန္တလေးမြို့တို့မှ ပရိဘောဂအမျိုးမျိုး ထုတ်လုပ်သော သမဝါယမအသင်းများ ပါဝင်ပြသသကဲ့သမြင်းခြံဝါကြိတ်စက်ရုံထွက်ပစ္စည်းများ၊ ဝါနှင့် သိုးမွှေးချည်အိတ်များ၊ ထီးအမျိုးမျိုး၊ ယွန်းထည်နှင့် ပိုးထည်ပစ္စည်းများ၊ ပန်းပုလက်ရာ အမျိုးမျိုး၊ ငွေထည်ပစ္စည်းအမျိုးမျိုး၊ ကျေးရွာ ထွက်ကုန်လက်မှုအနုပညာပစ္စည်းအမျိုးမျိုး တို့ကိုလည်း ထည့်သွင်းပြသခဲ့ကြောင်းလည်း သိရသည်။

ဆက်ရန်ရှိပါသေးသည်

ဤသည်တို့မှာ မြန်မာနိုင်ငံ၏ ကိုလိုနီခေတ်သမဝါယမလုပ်ငန်းများ၏ အစောပိုင်းပုံရိပ်အချို့ကို ထုတ်နုတ်တင်ပြခြင်းဖြစ်ပါသည်။ မိမိတို့နိုင်ငံအနေဖြင့် ဥရောပနိုင်ငံများ၊ အာရှ၊ အရှေ့တောင်အာရှ နိုင်ငံများမှ အောင်မြင်နေသော သမဝါယမအသင်းများ၊ လုပ်ငန်းများကို စံနမူနာယူလျက် ပါလီမန်ခေတ် ဆိုရှယ်လစ်ခေတ်နှင့် ဈေးကွက်စီးပွားရေး ကျင့်သုံးသောခေတ်တစ်လျှောက် သမဝါယမစနစ်နှင့် လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။ သည့်အတွက် အာရှ၊ ဥရောပနိုင်ငံများရှိ အောင်မြင်နေသော သမဝါယမအသင်းများ အကြောင်းကိုလည်းကောင်း၊ မိမိတို့ နိုင်ငံ၏ ခေတ်စနစ်အလိုက် ဖြတ်သန်းခဲ့သော သမဝါယမပုံရိပ်များကိုလည်းကောင်း၊ ယနေ့မိမိတို့ဝန်ကြီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်နေသည့် သမဝါယမလုပ်ငန်းစဉ်များကိုလည်းကောင်း အလျဉ်းသင့်သလို ဆက်လက်ရေးသားတင်ပြသွားပါဦးမည်။ ။