စက်တင်ဘာ ၂၆
ထိုင်းအစိုးရက တရုတ်နိုင်ငံမှခရီးသွားများအတွက် စက်တင်ဘာ ၂၅ ရက်က စတင်ကာ ဗီဇာလိုအပ်ချက်များ လျှော့ပေါ့ပေးလိုက်သည်ဟု သိရသည်။
အဆိုပါယာယီစီမံချက်သည် ကိုဗစ်-၁၉ရောဂါကူးစက်ဖြစ်ပွားမှုကြောင့် ထိခိုက်ခဲ့သည့် စီးပွားရေး ပိုမိုကောင်းမွန်လာစေရန်အတွက် အစိုးရ၏ ခရီးသွားများအပေါ်ဆွဲဆောင်မှုအစီအစဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ တရုတ်ခရီးသွားများအနေဖြင့် ထိုင်းနိုင်ငံတွင် ရက်ပေါင်း ၃၀ တိုင်အောင်နေထိုင်နိုင်သည်။ ထိုဗီဇာလိုအပ်ချက်များ လျှော့ပေါ့ပေးခြင်းသည် ဖေဖော်ဝါရီ လကုန်အထိ ရှိနေမည်ဖြစ်သည်။
ထိုင်းနိုင်ငံဝန်ကြီးချုပ်အပါအဝင် တာဝန်ရှိသူများက ရှန်ဟိုင်းမှလေကြောင်းခရီးဖြင့်လာရောက်သော ခရီးသွားများအား ယမန်နေ့က သုဝဏ္ဏဘူမိလေဆိပ်၌ ရိုးရာအကဖျော်ဖြေမှုများဖြင့် ကြိုဆိုခဲ့ကြသည်။
၂၀၁၉ ခုနှစ်က ထိုင်းနိုင်ငံသို့ တရုတ်ခရီးသွား ၁၁ သန်းခန့် လာရောက်ခဲ့သော်လည်း ယခုနှစ် လက်ရှိအချိန်အထိ ထိုင်းနိုင်ငံသို့ တရုတ်ခရီးသွား ၂ ဒသမ ၃ သန်းသာ ဝင်ရောက်မှုရှိသည်။
ဘန်ကောက်အနီးရှိ ပြည်နယ်တစ်ခု၏ခရီးသွားဘတ်စ်ကားကုမ္ပဏီပိုင်ရှင်က ၎င်းကုမ္ပဏီ၏ဘတ်စ်ကားစီးရေ၏ တစ်ဝက်သည် အချည်းနှီးရပ်နားထားရသည်ဟု ပြောသည်။ဗီဇာကင်းလွတ်ခွင့်မူဝါဒနှင့် ခရီးသွားလုပ်ငန်း လှုံ့ဆော်စည်းရုံးမှုများသည် ထိုင်းနိုင်ငံသို့ တရုတ်ခရီးသွားများဝင်ရောက်မှုကို အကူအညီဖြစ်လာမည်ဟု ၎င်းက ဆိုသည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို