ထိုင်းလိဂ်-၂ သို့ တိုက်စစ်မှူး အောင်ကောင်းမာန် ပြောင်းရွှေ့

ရန်ကုန် ဇန်နဝါရီ   ၅

မြန်မာ့လက်ရွေးစင် တိုက်စစ်မှူး အောင်ကောင်းမာန်သည် ထိုင်းလိဂ်-၂ ကလပ် Udonthani အသင်းသို့ ပြောင်းရွှေ့သွားပြီ ဖြစ်သည်။

အောင်ကောင်းမာန်သည် ပြီးခဲ့သည့်နှစ်တွင် ကစားခဲ့သည့် မလေးရှားစူပါလိဂ်ကလပ် ဆရီပါဟန်းအသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးပြီးနောက် သက်တမ်းမတိုးဘဲ Udonthani အသင်းသို့ ပြောင်းရွှေ့လာခြင်းဖြစ်သည်။ အောင်ကောင်းမာန်သည် ဇန်နဝါရီ ၃ ရက်က Udonthani အသင်းနှင့် စာချုပ်ချုပ်ဆိုခဲ့ပြီး စာချုပ်သက်တမ်းမှာ ရာသီဝက်ဖြစ်ကြောင်း သိရသည်။ အောင်ကောင်းမာန်သည် ငါးသင်းမြောက် ပြည်ပကလပ်အသင်းအဖြစ် Udonthani အသင်းသို့ ပြောင်းရွှေ့လာခြင်းဖြစ်ပြီး ယခင်က ထိုင်းကလပ်သုံးသင်းနှင့် မလေးရှားကလပ် တစ်သင်းတို့တွင် ကစားခဲ့သည်။

အောင်ကောင်းမာန်သည် ၂၀၂၀ နှစ်ဆန်းပိုင်းတွင် ပြည်ပကလပ်များသို့ စတင်ပြောင်းရွှေ့ခဲ့ပြီး ၂၀၂၀-၂၀၂၁ ရာသီတွင် ထိုင်းကလပ်များဖြစ်သည့် ထရတ်အသင်း၊ လမ်ပန်အသင်းနှင့် ခွန်ကန်အသင်းတို့တွင် ကစားခဲ့ကာ ရာသီကုန်ဆုံးချိန် ၂၀၂၁ ခုနှစ် မေလတွင် မလေးရှား စူပါလိဂ်ကလပ် ဆရီပါဟန်းအသင်းသို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။

အောင်ကောင်းမာန်သည် ၂၀၁၉ ဖိလစ်ပိုင်ဆီးဂိမ်း ပြိုင်ပွဲကြေးတံဆိပ်ဆုရ မြန်မာ ယူ-၂၂ အသင်းနှင့်အတူ ထင်ရှားလာသူဖြစ်ပြီး ၂၀၂၁ နှစ်ကုန်ပိုင်းက ပြုလုပ်သည့် အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲဝင် မြန်မာ့လက်ရွေးစင်အသင်းတွင်လည်း ရွေးချယ်ခံခဲ့ရသည်။

သတင်း-ကိုညီလေး