ထိုင်းနိုင်ငံ အထွေထွေ ရွေးကောက်ပွဲကို ထပ်မံ ရက်ရွှေ့ဆိုင်းထားဖွယ်ရှိ

ဘန်ကောက် ၂၆ ဇန်နဝါရီ

ထိုင်းနိုင်ငံမှာ ၂၀၁၈ ခုနှစ် နိုဝင်ဘာလထဲမှာ ကျင်းပဖို့ စီစဉ်ထားတဲ့ အထွေထွေ ရွေးကောက်ပွဲကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလအထိ အချိန်ဆွဲထားဖွယ်ရာ ရှိတယ်လို့ အင်န်အိတ်ချ်ကေ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

အထွေထွေရွေးကောက်ပွဲကျင်းပရေး ရက်ပေါင်း ၉၀ ရွှေ့ဆိုင်းဖို့အတွက် လိုအပ်တဲ့ ဥပဒေတွေပါဝင်တဲ့ မူကြမ်းတစ်ခုကို အမျိုးသား ဥပဒေပြုညီလာခံကနေ ဇန်နဝါရီ ၂၅ ရက်ကြာသပတေးနေ့က အတည်ပြုခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။

ဒီလို အချိန်ဆွဲလိုက်တာဟာ ဒီမိုကရေစီအုပ်ချုပ်ရေး ပြန်လည်ရရှိဖို့အရေးမှာ နှောင့်နှေးသွားစေနိုင်တယ်လို့ သတင်းဖော်ပြချက်တွေအရ သိရပါတယ်။ ထိုင်းနိုင်ငံမှာ ရွေးကောက်ပွဲကို ၂၀၁၈ ခုနှစ် နိုဝင်ဘာလအတွင်းမှာ ကျင်းပသွားဖို့ ကြားဖြတ်ဝန်ကြီးဖြစ်သူ ပရာရွတ်ချန်အိုချာက ပြီးခဲ့တဲ့နှစ်က ပြောကြားခဲ့တာပါ။ ထိုင်းမှာ ၂၀၁၄ ခုနှစ် အာဏာသိမ်းယူမှုအပြီး စစ်တပ်ဦးဆောင်တဲ့ ကြားဖြတ်အစိုးရဟာ နိုင်ငံကို အုပ်ချုပ်ခဲ့တာပဲဖြစ်ပါတယ်။

အာဏာသိမ်းမှုကိုဦးဆောင်ခဲ့တဲ့ စစ်ဦးစီးချုပ်ဟောင်းပရာရွတ်ဟာ ညီလာခံအဆုံးအဖြတ်နဲ့ ရွေးကောက်ပွဲ ရက်ရွှေ့ဆိုင်းဖို့ ဆုံးဖြတ်ချက်ကို ချခဲ့တာလို့ သတင်းထောက်တွေကို ပြောပါတယ်။ ညီလာခံအဖွဲ့ဝင်အများစု ဟာလည်း စစ်ဘက်ဆိုင်ရာ အရာရှိတွေပဲဖြစ်ပါတယ်။

(MDN)

ကိုးကား-အင်န်အိတ်ချ်ကေ