ဗန်ကောက်     မတ်     ၂၃

ထိုင်းနိုင်ငံ ဗန်ကောက်မြို့ရှိ ကျောင်းများတွင် လာမည့်ပညာသင်နှစ်မှ၍ ကျောင်းသားများအား စာသင်ချိန်အတွင်း မိုဘိုင်းဖုန်းနှင့် လျှပ်စစ်ပစ္စည်းများသုံးစွဲခြင်းမှ တားမြစ်မည့်အစီအစဉ်ကို အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။

ကျောင်းပေါင်း ၄၃၇ ကျောင်းတွင် ဆောင်ရွက်မည်ဖြစ်ကာ ဖုန်းသုံးစွဲခြင်းကြောင့် သင်ကြားရေးကို ထိခိုက်ခြင်းမှ ကာကွယ်ရန်နှင့် ဆိုက်ဘာလုံခြုံမှုရှိစေရေးဆောင်ရွက်ခြင်းဖြစ်သည်။ ယခုကဲ့သို့ တားမြစ် ချက်ကိုထုတ်ပြန်ခြင်းဖြင့် ပညာသင်ကြားရေးဆိုင်ရာ   ပတ်ဝန်းကျင်ကို   တိုးတက်စေမည်ဖြစ်ပြီး ကျောင်းသားများအား ဖုန်းသုံးစွဲခြင်းကြောင့် ကျန်းမာရေးထိခိုက်စေမည့်အရေးမှ ကယ်တင် နိုင်မည်ဖြစ်ကြောင်း ဗန်ကောက်မြို့တော်ဝန် ချာချတ်ဆီတီပန့်က ပြောကြားသည်။ ယနေ့ခေတ် ကျောင်းသားများသည် ဒစ်ဂျစ်တယ်ခေတ်တွင် ကြီးပြင်းလာသူများဖြစ်သည့်အတွက် ၎င်းတို့၏ ကျောင်းတွင်း မိုဘိုင်းဖုန်းသုံးစွဲမှုကို   စနစ်တကျကြီးကြပ်ရန်လိုအပ်ကြောင်း ၎င်းက ပြောကြားသည်။

မိုဘိုင်းဖုန်းများအား   ဆရာ  ဆရာမများ၏ ကြီးကြပ်မှုဖြင့် ပညာသင်ကြားရေးအတွက်သာ သုံးစွဲစေမည်ဖြစ်ကာ မိုဘိုင်းဖုန်းသုံးစွဲခွင့်မပြုသည့်အချိန်တွင်  ကိုယ်လက်လှုပ်ရှားမှုကဲ့သို့သော   အကျိုးရှိစေမည့် လုပ်ငန်းများကိုသာ ဆောင်ရွက်စေမည်ဖြစ်ပြီး ကျောင်းသားများအား အွန်လိုင်းခြိမ်းခြောက် မှုမခံရစေရေးနှင့် မသင့်လျော်သည့် အကြောင်းအရာများကို ကြည့်ရှုခွင့်ပိတ်ပင်ရေး တာဝန်ရှိသူများက ဆောင်ရွက်မည်ဖြစ်သည်။ သို့ရာတွင် မိဘအုပ်ထိန်းသူများအနေဖြင့် အရေးပေါ်အခြေအနေများတွင် ကျောင်းမှသတ်မှတ်ပေးထားသည့် ဖုန်းလိုင်းများဖြင့် ကျောင်းသားများထံ ဆက်သွယ်နိုင်ကြောင်း သိရသည်။

ကိုးကား - VN Express

ဘာသာပြန် - စိုးသူရ