ထိုင်းနိုင်ငံ လိုဏ်ဂူအတွင်း ပိတ်မိနေသည့် ကျောင်းသားများအား ကယ်ဆယ်ရန် ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

ဘန်ကောက် ၂၇ ဇွန်

ထိုင်းနိုင်ငံ မြောက်ပိုင်း မယ်ဆိုင်တွင် ရေတက်လာမှုကြောင့်  လိုဏ်ဂူအတွင်း ပိတ်မိနေသည့်  ကျောင်းသား ၁၂ ဦးနှင့် အားကစားနည်းပြ တို့အား ရှာဖွေကယ်ဆယ်ရာတွင် ဂူအတွင်းမှ ရေများကို စုပ်ထုတ်ခဲ့ရာ ထိုင်းနိုင်ငံရေတပ် ရေငုပ်သမားများအတွက် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ဂူအတွင်း နေရာလွတ်တစ်ခု ရရှိပြီဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီး Anupong Paochinda  ကပြောသည်။

ထိုင်းရေတပ် ရေငုပ်သမားများ ဦးဆောင်ရှာဖွေမှု ပြုလုပ်နေရာ ဂူအတွင်းရှိ အချို့အခန်းများတွင် ရွှံ့ရေများဝင်ရောက်နေတာကြောင့် ကယ်ဆယ်ရေးလုပ်ငန်းအတွက် အတော်ခက်ခဲကြောင်း၊ ရေငုပ်သမားများ အသက်ရှူနိုင်ရန် ရေမျက်နှာပြင်နှင့် ဂူမျက်နှာကြက်အကြား နေရာလွတ်ရအောင် ရေများကို စုပ်ထုတ်နိုင်ပါက ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းကို ဆက်လက်လုပ်ဆောင်နိုင်မှာ ဖြစ်ကြောင်းနှင့် ရေငုပ်သမားများဟာ ရေအောက်မှာ အချိန်ကြာကြာ ငုပ်နိုင်ရန်အတွက်လည်း  အထူးကောင်းမွန်သည့် အောက်စီဂျင်ဘူးများ အသုံးပြုသွားမည်ဖြစ်ကြောင်း ၎င်းကပြောသည်။

“မှောင်လာပြီဖြစ်လို့ တော်ဝင်ရေတပ်  ရေငုပ်သမားတွေလည်း မရပ်မနား အလုပ်လုပ်နေကြပါတယ်။ နေ့ဘက်နဲ့ ညဘက် ရှာဖွေရတာ မတူဘူး။ အလုပ်လုပ်ရတာ အတော်လေးကွာခြားတယ်။ သူတို့အတွက်လည်း အလှည့်ကျဆောင်ရွက်ဖို့ လိုတယ်။” ဟု ပြောသည်။

အင်္ဂါနေ့က ဥရောပခရီးစဉ်မှ ပြန်ရောက်လာသည့် ဝန်ကြီးချုပ် ပရာရွတ်ချန်အိုချာသည် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများအတွက် စစ်တပ်မှ တာဝန်ရှိသူများနှင့် Don Mueang လေဆိပ်တွင် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့သည်။

ရေငုပ်သမားများက ဥမင်လိုဏ်ဂူအတွင်း အခန်းများကိုဖြတ်ပြီး လမ်းကြောင်းတစ်ခု ရှာဖွေတွေ့ရှိထားသော်လည်း အကြောင်းအမျိုးမျိုးကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများကို မကြာခဏ ရပ်တန့်ထားရကြောင်း သိရသည်။ အာဏာပိုင်များက ရဟတ်ယာဉ်များကို အသုံးပြုပြီး အခြားလမ်းများကို ရှာဖွေလျက်ရှိသည့်အပြင် မြေပြင်မှလည်း ဥမင်အခြားတစ်ဖက်မှ ထွက်နိုင်မည့် အပေါက်ကို ရှာဖွေလျက်ရှိကြသည်။

 

အသက် ၂၅ နှစ်အရွယ် ဘောလုံး နည်းပြဦးဆောင်သည့် ကျောင်းသားများသည် စနေနေ့ နေ့ခင်းပိုင်းက လိုဏ်ဂူအတွင်း ဝင်ရောက်သွားကြခြင်း ဖြစ်သည်။ ပျောက်ဆုံးသွားသော ကျောင်းသား မိသားစုများက ရိုးရာဓလေ့ ဆုတောင်းမှုများလည်း လုပ်ဆောင်နေကြပြီး ဗုံများ၊ မောင်းများ တီးခတ်ခြင်း၊ ဂူအတွင်းမှ ပြန်လည်လွတ်မြောက်လာစေရန် ရည်ရွယ်ပြီး ငါးလွှတ်ခြင်းများကိုလည်း ဆောင်ရွက်ခဲ့ကြသည်။

“ရေမျက်နှာပြင် ကျသွားဖို့ မျှော်လင့်တယ်။ ဒီနေ့ ကျွန်တော်တို့ ရေအောက်ကနေဖြတ်ပြီး အခြားအခန်းတွေထဲကို ဝင်ရောက်နိုင်ဖို့ မျှော်လင့်ပါတယ်။” ဟု ရေတပ် ဒုဗိုလ် Naponwath Homsai က အင်္ဂါနေ့ နံနက်ပိုင်းက ပြောပြသည်။ လိုဏ်ဂူသည် ကီလိုမီတာပေါင်းများစွာ ရှည်လျားပြီး အတွင်းတွင် အခန်းကျယ်များနှင့် လမ်းကျဉ်းများ ရှိနေသည်။ ပိတ်မိနေသူများသည် ရေလွတ်ရာ နေရာတစ်ခုကို ရှာတွေ့ကြလိမ့်မည်ဟု တာဝန်ရှိသူများက ခန့်မှန်းထားကြသည်။

တနင်္လာနေ့ ညနေက ရေမျက်နှာပြင် မြင့်တက်လာမှုကြောင့် ကယ်ဆယ်ရေးလုပ်ငန်း ယာယီရပ်တန့်ခဲ့ကြရသည်။ ညပိုင်းတွင် ကယ်ဆယ်ရေးအဖွဲ့နှင့် လျှပ်စစ်ကျွမ်းကျင်သူများက လိုဏ်ဂူအတွင်း လျှပ်စစ်မီးလိုင်းနှင့် ဆက်သွယ်ရေးလိုင်းများ သွယ်တန်းနိုင်ခဲ့တာကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများအတွက် အလင်းရောင်ရနိုင်သလို ရေငုပ်သမားများအတွက်လည်း လေဝင်လေထွက် ရရှိအောင် ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း ချင်းရိုင် အုပ်ချုပ်ရေးမှူး Narongsak Osottanakorn ကပြောသည်။

ကျောင်းသားမိဘများသည် ဂူအပြင်တွင် တဲများထိုးပြီးစောင့်ဆိုင်းနေကြကာ ဆေးဘက်ဆိုင်ရာအဖွဲ့များလည်း ရှိနေကြသည်။ ဂူအဝင်ဝတွင် ကျောင်းသားများ၏  စက်ဘီး၊ ကျောပိုးအိတ်များကိုလည်း တွေ့ရသည်။ ဂူအတွင်းတွင်လည်း ခြေရာ၊ လက်ရာများတွေ့ရပြီး အားလုံး လုံခြုံစိတ်ချရသည့်နေရာတွင် အန္တရာယ်ကင်းကင်းနှင့် ရှိနေလိမ့်မည်ဟု အာဏာပိုင်များက ယူဆထားသည်။

MDN

Source: Bangkok/ Photo : AFP