ထိုင်းနိုင်ငံ၏ ရိုးရာနှစ်သစ်ကူးပွဲတော် သင်္ကြန်ပွဲတော်ကို ယူနက်စကို၏ ယဉ်ကျေးမှုအမွေအနှစ် စာရင်းတွင် ထည့်သွင်း

ဗန်ကောက်   ဒီဇင်ဘာ    ၇

ထိုင်းနိုင်ငံ၏ ရိုးရာနှစ်သစ်ကူးပွဲတော် ဖြစ်သည့် သင်္ကြန်ပွဲတော်ကို ယူနက်စကို က ၎င်း၏ ယဉ်ကျေးမှုအမွေအနှစ်စာရင်းတွင်  ထည့်သွင်းရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံတစ်ဝန်းရှိ    ပြည်သူများသည် သင်္ကြန်ပွဲတော်ရက်အတွင်း တစ်ဦးကိုတစ်ဦး   ရေပက်ဖျန်း ကာ   ပွဲတော်ကို ပါဝင်ဆင်နွှဲကြသည်။

ယူနက်စကိုက ထိုင်းနိုင်ငံ၏ ရိုးရာ နှစ်သစ်ကူးပွဲတော်    သင်္ကြန်ပွဲတော်ကို ဒီဇင်ဘာ ၆ ရက်တွင်  ယဉ်ကျေးမှုအမွေ အနှစ်စာရင်းတွင် ထည့်သွင်းရန် ဆုံးဖြတ် ချက်ချခဲ့သည်။

သင်္ကြန်ပွဲတော်ကာလအတွင်း ထိုင်းလူမျိုးများသည်   ဗုဒ္ဓရုပ်ပွားတော်များ၊ စေတီပုထိုးများနှင့် သက်ကြီးရွယ်အိုများကို  ခေါင်းလျှော်ပေးခြင်း၊  ခြေသည်း၊ လက်သည်းများ ဖြတ်ပေးခြင်းနှင့် ရေဖြင့် ဆေးကြောသန့်စင်သည့်  ကောင်းမှုကုသိုလ်များကို လုပ်ဆောင်ကြသည်။

အဆိုပါပွဲတော်ကို နိုင်ငံ၏ အပူဆုံးလဖြစ်သည့် ဧပြီလလယ်တွင် ကျင်းပလေ့ရှိပြီး     နိုင်ငံခြား ခရီးသည်များအတွက် ဆွဲဆောင်မှုတစ်ခု ဖြစ်လာသည်။

ယူနက်စကို၏ အသိအမှတ်ပြုမှုသည် နိုင်ငံ၏စီးပွားရေးကို ပြန်လည်ဦးမော့လာစေမည်ဟု နိုင်ငံရေးစောင့်ကြည့်လေ့လာသူများက ပြောသည်။

သင်္ကြန်ပွဲတော်ကို ပါဝင်ဆင်နွှဲနိုင်ရန် ကမ္ဘာတစ်ဝန်းမှ ခရီးသွားဧည့်သည်များကို နွေးထွေးစွာ ကြိုဆိုရန် အဆင်သင့်ဖြစ်နေပြီဟု ထိုင်းအစိုးရက ပြောသည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-အောင်ကျော်ကျော်