ထိုင်းနိုင်ငံက ပင်လယ်စာရောင်းချတဲ့ဈေးမှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ အများအပြားတွေ့ရှိတဲ့အတွက် အသွားအလာကန့်သတ်

၂၀ ဒီဇင်ဘာ

 

ထိုင်းနိုင်ငံက ပင်လယ်စာရောင်းချတဲ့ အကြီးဆုံးဈေးနဲ့ ပတ်ဝန်းကျင်ဒေသမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး အစုလိုက်အပြုံလိုက် တွေ့ရှိတဲ့အတွက် အဲဒီနေရာတွေကို စနေနေ့ကစပြီး ဇန်နဝါရီလဆန်းပိုင်းအထိ အသွားအလာကန့်သတ် (lockdown)ကြောင်း သိရပါတယ်။ 

 

ဘန်ကောက်မြို့ကနေ မိနစ်လေးဆယ်အကွာ မဟာချိုင်ရှိ ပင်လယ်စာရောင်းချတဲ့ ဈေးနဲ့ ဆက်စပ်ပြီး ရောဂါပိုး တွေ့ရှိသူ ၅၄၈ ဦးရှိကြောင်း စနေနေ့ညပိုင်းက ကြေညာပါတယ်။ 

 

ဗိုင်းရပ်စ်ပိုးတွေ့ရှိရာ နေရာမှာ အသွားအလာကန့်သတ်လိုက်ပြီး ညမထွက်ရ အမိန့်ပါ သတ်မှတ်လိုက်ကြောင်းနဲ့ ပင်လယ်စာဈေးအား ဗိုင်းရပ်စ်ပိုးပျံ့ပွားရာနေရာအဖြစ် သတ်မှတ်ထားကြောင်း ဒေသဆိုင်ရာအုပ်ချုပ်ရေးမှူးက ပြောပါတယ်။  

 

အသွားအလာ ကန့်သတ်လိုက်တဲ့အတွက် ကျောင်းတွေ၊ အားကစားခန်းမတွေ၊ အားကစားကွင်းတွေနဲ့ ရှော့ပင်းမောတွေပါ သက်ရောက်မှုရှိကြောင်း သိရပါတယ်။ ဒါပေမယ့် ဒီနေ့ (တနင်္ဂနွေနေ့) မှာ ကျင်းပမယ့် ဒေသဆိုင်ရာ ရွေးကောက်ပွဲကိုတော့ ဆက်လက်ကျင်းပသွားမှာဖြစ်ပြီး လာရောက်မဲပေးသူတွေအား မျက်နှာဖုံးတွေ ဝတ်ဆင်ဖို့ ညွှန်ကြားထားပါတယ်။ 


ဗိုင်းရပ်စ်ပိုးကူးစက်ရာဒေသရှိ နိုင်ငံခြားသား လုပ်သားတွေအား အဲဒီဒေသကနေ ထွက်ခွာခွင့်မရှိကြောင်း အမိန့်ထုတ်ပြန်ထားပါတယ်။ 

ပိုးတွေ့ရှိသူ ၅၄၈ ဦးထဲမှ ၉၀ ရာခိုင်နှုန်းဟာ ရောဂါလက္ခဏာ တွေ့ရှိမှုမရှိကြောင်းနဲ့ ပိုးတွေ့သူ အများစုဟာ နိုင်ငံခြားသား လုပ်သားတွေလို့ ရောဂါပိုးထိန်းချုပ်ရေးဌာနအကြီးအကဲက ပြောပါတယ်။ 

 

မဟာချိုင်တွင် ထိုင်းနိုင်ငံသား ၇၀ ရာခိုင်နှုန်းနဲ့ ရွှေ့ပြောင်းလုပ်သား ၃၀ ရာခိုင်နှုန်း နေထိုင်ကြောင်းနဲ့ ရောဂါပိုးဟာ ရွှေ့ပြောင်းလုပ်သားတွေဆီကနေ စတင်တာဖြစ်နိုင်ကြောင်း၊ အထူးသဖြင့် မြန်မာရွှေ့ပြောင်းလုပ်သားတွေဆီကနေ ကူးစက်တာဖြစ်နိုင်ကြောင်း ခန့်မှန်းပြောဆိုပါတယ်။ 

 

ထိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ခံရသူ ၄,၀၀၀ ကျော်နဲ့ သေဆုံးသူ ၆၀ ဦးရှိကြောင်း နောက်ဆုံးထုတ်ပြန်ချက်အရ သိရပါတယ်။ 

 

MDN
ကိုးကား - AFP