ထိုင်းနိုင်ငံ၌ အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ်ကူးစက်ခံရသူ ၇၀၀ ကျော်ရှိလာ

mdn

ဒီဇင်ဘာ ၃၀

ထိုင်းနိုင်ငံပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက ယနေ့အထိ အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားသူ ၇၃၉ ဦးအထိရှိလာသည်ဟု ယမန်နေ့ကပြောကြားသည်။

၎င်းတို့အနက် ၄၈၈ ဦးသည် ပြည်ပကူးစက်မှုဖြစ်ပြီး ၂၅၁ ဦးသည် ပြည်တွင်းကူးစက်ဖြစ်ပွားမှုဖြစ်သည်။

နိုင်ငံအတွင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုအများစုသည် ဒယ်လ်တာကူးစက်မှုဖြစ်သော်လည်း ယခုအခါ အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ်စတင်ကူးစက်မှု ဖြစ်ပွားလာသည်ဟု ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန ဆေးဘက်ဆိုင်ရာသိပ္ပံဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဆူပါကစ်သီရိလတ်ခ်က ဆိုသည်။

အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ်ကူးစက်မှုများကို ပြည်နယ် ၃၃ ခုထက်မနည်းတွင် တွေ့ရှိခဲ့ပြီးဖြစ်ကြောင်း ထိုတာဝန်ရှိသူ၏ပြောကြားချက်အရ သိရသည်။

အိုမီခရွန်ကူးစက်မှု၏ ၆၀ ရာခိုင်နှုန်းကျော်ကို ဘန်ကောက်၊ ကာလာဆင်းနှင့် ဖူးခက်ပြည်နယ်တို့တွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက ကိုဗစ်ဗီဇပြောင်းဗိုင်းရပ်စ်အားလုံး၏ကူးစက်မှုမှကာကွယ်ရန် လက်ကိုမကြာခဏဆေးကြောခြင်း၊ လူအချင်းချင်းခပ်ခွာခွာနေထိုင်ခြင်း၊ ပါးစပ်၊နှာခေါင်းစည်းများ တပ်ဆင်ခြင်းတို့လုပ်ဆောင်ကြရန် ပြည်သူများအား တိုက်တွန်းပြောကြားထားသည်။

အိုမီခရွန်ကူးစက်မှု ခြိမ်းခြောက်ခြင်းအန္တရာယ်မှကာကွယ်ရန် အစိုးရတာဝန်ရှိသူများအနေဖြင့် နှစ်သစ်ကူးပြီးနောက် နေအိမ်များမှအလုပ်လုပ်ကြရန်နှင့် စာသင်ကျောင်းများကိုလည်း  အွန်လိုင်သင်ကြားခြင်း ပြန်လည်လုပ်ဆောင်ကြရန် ပြောကြားထားသည်။

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို