ထိုင်းနိုင်ငံ၌ သေဒဏ်ကျခံနေရသည့် ဝင်းနှင့်ဇော်တို့ ထိုင်းဘုရင်ပြစ်ဒဏ်လျှော့ပေးမှုတွင် ပါဝင်သဖြင့် တစ်သက်တစ်ကျွန်းပြစ်ဒဏ်သို့ ပြောင်းလဲသတ်မှတ်ခံရ

နေပြည်တော် ၁၅ ဩဂုတ်

ထိုင်းနိုင်ငံအစိုးရက ယနေ့ရက်စွဲဖြင့် ထုတ်ပြန်ကြေညာချက်အတွင်း ထိုင်းဘုရင်၏ ကြေညာချက်ပုဒ်မ ၁၅ အရ ထိုင်းနိုင်ငံအတွင်းရှိ အကျဉ်းထောင်များတွင် သေဒဏ်ကျခံနေကြရသည့် အကျဉ်းသားများကို တစ်သက်တစ်ကျွန်း ပြစ်ဒဏ် ပြောင်းလဲလျှော့ချသတ်မှတ်ပေးရာ တွင် မြန်မာနိုင်ငံသား အကျဉ်းသား နှစ်ဦးဖြစ်သည့် ဝင်းဇော်ထွန်းနှင့် ဇော်လင်းတို့လည်း ပါဝင်ခဲ့ကြောင်း ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများထံက သိရသည်။

အဆိုပါအမှုသည် ၂၀၁၄ ခုနှစ် စက်တင်ဘာ ၁၅ ရက်၌ ထိုင်းနိုင်ငံ တောင်ပိုင်းရှိ လိပ်ကျွန်း (ခိုတောင်ကျွန်း)တွင် နိုင်ငံခြားသားစုံတွဲ အသတ်ခံရသည်နှင့် ပတ်သက်၍ တရားခံအဖြစ် မြန်မာအလုပ်သမား ဝင်းဇော်ထွန်းနှင့် ဇော်လင်းတို့အား အရေးယူခဲ့ခြင်းဖြစ်သည်။ သေဒဏ်ချမှတ်ခြင်းခံရသည့် အဆိုပါ မြန်မာအလုပ်သမားနှစ်ဦးအား ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားအရေး လှုပ်ရှားသူများ၊ မြန်မာသံရုံးမှ တာဝန်ရှိသူများနှင့် ထိုင်းရှေ့နေများကောင်စီ စသည့်အဖွဲ့အစည်းများကလည်း ပူးပေါင်း၍ အကျိုးဆောင်ပေးခဲ့ကြသည်။ ၂၀၁၅ ခုနှစ်တွင် ၎င်းတို့အား သေဒဏ်ချမှတ်ခဲ့ပြီး အဆင့်ဆင့် အယူခံတက်ခဲ့သော်လည်း နောက်ဆုံးအယူခံ ထိုင်းဗဟို တရားရုံးက ပယ်ချသည့်အတွက် ရှုံးနိမ့်ခဲ့ရသည်။ သို့သော် ယခုအခါ လွတ်ငြိမ်းခွင့် ကြေညာချက်အရ သေဒဏ်မှ လွတ်မြောက်ခဲ့ပြီး တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ကို ပြောင်းလဲကျခံရမည်ဖြစ်သည်။

“ကျွန်တော်တို့ အတွက်တော့ ဝမ်းသာစရာ သတင်းကောင်းတစ်ခုပါပဲ။ ထိုင်းနိုင်ငံမှာက ဘုရင်မင်းမြတ်ရဲ့ မွေးနေ့တို့၊ နေ့ထူးနေ့မြတ်တို့ဆိုရင် အခုလိုပဲ ပြစ်ဒဏ်တွေကို လျှော့ပေါ့ပေးလေ့ရှိပါတယ်။ အခုလို သေဒဏ်ကနေ ကင်းလွတ်ခွင့်ရပြီဆိုရင် အမြန်ဆုံးပြန်လည် လွတ်မြောက်ဖို့အတွက်လည်း လမ်းစတစ်ခုလို့ ပြောရင်ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တစ်သက်တစ်ကျွန်း ကျနေသူတွေကိုလည်း တစ်ချိန်မှာ ပြန်ပြီးလျှော့ပေါ့တတ်တာလည်း ရှိတာကြောင့်ပါ။ ပူးပေါင်းကူညီပေး ကြသူတွေအားလုံးကို ကျေးဇူးတင်ပါတယ်”ဟု ထိုင်းနိုင်ငံရောက် မြန်မာ အလုပ်သမားများအရေးကို ဆောင်ရွက်ပေးလျက်ရှိသည့် ဦးထူးချစ်က ပြောကြားသည်။

ဝင်းနှင့်ဇော်တို့ သေဒဏ်ကျခံရပြီး အယူခံအဆင့်ဆင့်ရှုံးနိမ့်ချိန်အတွင်း ၂၀၁၉ ခုနှစ် အောက်တိုဘာလကလည်း ထိုင်းဘုရင်မင်းမြတ်ထံသို့ အသနားခံစာကို အမှုလိုက်ပါ ဆောင်ရွက်ပေးသူများ၏ အကူအညီဖြင့် ၎င်းတို့မိဘများက တင်သွင်းထားနိုင်ခဲ့ခြင်းသည်လည်း ယခုကဲ့သို့ ပြစ်ဒဏ်လျှော့ပေါ့မှုတွင် ပါဝင်လာစေခြင်း ဖြစ်နိုင်ကြောင်း သိရှိရသည်။

“ထိုင်းဘုရင့်တော်ဝင် အမိန့် ပုဒ်မ ၁၅ အရ သေဒဏ်ကနေ လွတ်ငြိမ်းချမ်းသာခွင့်ပေးရာမှာ အခြားသေဒဏ်ကျခံ နေရသူတွေနဲ့အတူ ဇော်လင်းနဲ့ ဝင်းဇော်ထွန်းတို့လည်း ပါဝင်ခဲ့ပါတယ်”ဟု ၎င်းတို့ အရေးကိစ္စကို လိုက်ပါဆောင်ရွက် ပေးနေသည့် လူ့အခွင့်အရေး အကျိုးဆောင် Andy Hall ကလည်း သူ၏ လူမှုကွန်ရက် စာမျက်နှာတွင် ရေးသား ဖော်ပြထားသည်။ ။ “ထိုင်းနိုင်ငံသားတွေလည်း သေဒဏ်ကနေ လျှော့ပေါ့ခွင့်ရပါတယ်။ ကျွန်တော်တို့နိုင်ငံလိုပေါ့။ နေ့ထူးနေ့မြတ်တွေမှာ လွတ်ငြိမ်းချမ်းသာခွင့်တွေ ပေးတာမျိုးပါ။ ထိုင်းဘုရင့်မွေးနေ့ အထိမ်းအမှတ်အဖြစ် လွတ်ငြိမ်းချမ်းသာခွင့်ပေးတယ်လို့ သိရပါတယ်။ ကိုယ့်လူမျိုးတွေ အခုလို ဖမ်းဆီးထောင်ချခံရတာ စိတ်လည်းမကောင်းဖြစ်မိတယ်။ ဒါပေမယ့် တစ်သက်တစ်ကျွန်းမှာလည်း ကောင်းမွန်အောင်နေထိုင်ပြီးရင် ထောင်ဒဏ်နှစ်လျှော့ပေါ့ ပေးတာမျိုး၊ လွတ်ငြိမ်းချမ်းသာခွင့် ပေးတာမျိုးတွေလည်းရှိတာမို့ အပြီးလွတ်မြောက်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်”ဟု ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား ကိုအောင်မျိုးတင့်ကလည်း သူ့အမြင်ကို ပြောကြားသည်။

ခင်ရတနာ