ထိုင်းနိုင်ငံ၌ သေနတ်ကိုင်ဆောင်မှုနှင့် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုဆိုင်ရာ ထိန်းချုပ်မှုများ တင်းကျပ်စွာ ဆောင်ရွက်မည်

 

ဗန်ကောက် အောက်တိုဘာ ၁၂

 

ထိုင်းနိုင်ငံ၌ နေ့ကလေးထိန်းကျောင်း သေနတ်ပစ်ခတ်မှု ဖြစ်စဉ်ဖြစ်ပွားခဲ့ပြီးနောက် နိုင်ငံအတွင်း သေနတ်ကိုင်ဆောင်မှုနှင့် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုဆိုင်ရာ ထိန်းချုပ်မှုများဆောင်ရွက်ရန် ထိုင်းနိုင်ငံဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ယမန်နေ့က ကျင်းပသည့် အစိုးရအဖွဲ့အစည်းအဝေး၌ အမိန့်ထုတ်ပြန်သည်။

 

လူ့အဖွဲ့အစည်းကို ခြိမ်းခြောက်မှုဖြစ်စေသည့် သေနတ်ကိုင်ဆောင်မှုများကို ထိန်းချုပ်ရန် သက်ဆိုင်ရာအေဂျင်စီများအား ဝန်ကြီးချုပ် ချန်အိုချာက ညွှန်ကြားထားသည်။ ထို့ပြင် တရားမဝင် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုများကို တားဆီးနိုင်ရေးအတွက် ကြိုးပမ်းအားထုတ်မှုများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ရန် ဝန်ကြီးချုပ်ကဆိုသည်။

 

အဆိုပါ နေ့ကလေးထိန်းကျောင်း သေနတ်ပစ်ခတ်မှုကို ကျူးလွန်ခဲ့သည့် ရဲအရာရှိဟောင်း ပန်ယာခမ်ရတ်သည် ကလေးငယ် ၂၄ ဦးအပါအဝင် ၃၆ ဦးအား သေနတ်နှင့် ဓားတို့ကို အသုံးပြုကာ သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

 

ပန်ယာခမ်ရတ်သည် ၎င်းအသုံးပြုခဲ့သည် သေနတ်ကို တရားဝင်ဝယ်ယူထားခြင်းဖြစ်ကြောင်း စုံစမ်းစစ်ဆေးသူများက ဆိုသည်။

 

၂၀၁၇ ခုနှစ်အတွင်း ကောက်ယူထားသည့် ဆွစ်ဇာလန်နိုင်ငံ အခြေစိုက် လက်နက်ငယ်စစ်တမ်းအရ ထိုင်းနိုင်ငံ၌ သေနတ်ကိုင်ဆောင်ထားသည့် ပြည်သူအရေအတွက် ၁၀ သန်းကျော်ရှိပြီး အရှေ့တောင်အာရှနိုင်ငံများအနက် သေနတ် ကိုင်ဆောင်ထားသည့် ပြည်သူအရေအတွက် အများဆုံးဖြစ်သည်။

 

မူးယစ်ဆေးဝါးနှင့် သေနတ်ထိန်းချုပ်ရေးအစီအမံများ ဆောင်ရွက်ရန် အစိုးရအဖွဲ့အစည်းအဝေးကို ဝန်ကြီးချုပ်က ယမန်နေ့တွင် ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ကိုးကား- အင်န်အိတ်ချ်ကေ

ဘာသာပြန်- အောင်ကျော်ကျော်