ဧပြီ ၃

ထိုင်းနိုင်ငံသို့ ၂၀၂၆ ခုနှစ် ပထမသုံးလအတွင်း နိုင်ငံခြားခရီးသွား ၉ ဒသမ ၃၁ သန်းကျော် ဝင်ရောက်ခဲ့ရာ လွန်ခဲ့သောနှစ်လအတွင်း ပြန်လည်ကောင်းမွန်လာသော်လည်း ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ၂ ဒသမ ၄၃ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း တရားဝင်အချက်အလက်များက ယနေ့တွင် ဖော်ပြထားသည်။

ခရီးသွားလုပ်ငန်းနှင့် အားကစားဝန်ကြီးဌာန၏ပြောကြားချက်အရ တရုတ်နိုင်ငံမှလာရောက်လည်ပတ်သူ ၁ ဒသမ ၄၉ သန်းဖြင့် အများဆုံးဖြစ်ပြီး မလေးရှားနှင့် ရုရှားနိုင်ငံတို့မှလာရောက်သူ ၉၆၀၀၀၀ နှင့် ၇၂၆၀၀၀ တို့ဖြစ်ကြောင်း သိရသည်။

ထိုင်းခရီးသွားလုပ်ငန်းအဖွဲ့ အုပ်ချုပ်ရေးမှူး Thapanee Kiatphaibool က အရှေ့တောင်အာရှနိုင်ငံများအသင်း၊ ဥရောပနှင့် အရှေ့အလယ်ပိုင်းဈေးကွက်များကြောင့် ခရီးသွားလုပ်ငန်း တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာကြောင်း ဖော်ပြထားသည်။

ခရီးသွားလုပ်ငန်းအဖွဲ့က၂၀၂၆ ခုနှစ်အတွက် နိုင်ငံခြားခရီးသွား ဝင်ရောက်မှု ခန့်မှန်းချက်ကို ခရီးသွား ၃၀ မှ ၃၄ သန်းအထိ ပြန်လည် ပြင်ဆင်ထားပြီး မူလ ရည်မှန်းချက်နှင့် နှိုင်းယှဉ်လျှင် ၁၈ ရာခိုင်နှုန်း လျော့နည်းကြောင်း သိရသည်။

ယင်းပြင်ဆင်မှုသည် အရှေ့အလယ်ပိုင်းဒေသရှိ လက်ရှိ အခြေအနေများသည် တစ်လမှ သုံးလအတွင်း သက်သာလာမည်ဟု ခန့်မှန်းထားခြင်းအပေါ် အခြေခံထားပါသည်။

ခရီးသွားဈေးကွက်များဖြစ်သော အရှေ့အလယ်ပိုင်း၊ ဥရောပနှင့် အမေရိကန်တို့တွင် အရှိန်နှေးကွေးလာခြင်း၊ လေကြောင်းခရီးစဉ်လမ်းကြောင်းကန့်သတ်ချက်များနှင့် ကမ္ဘာလုံးဆိုင်ရာ လောင်စာဆီဈေးနှုန်း မတည်ငြိမ်မှုများကြောင့် ယခုလို ခန့်မှန်းချက်လျှော့ချရခြင်း ဖြစ်ကြောင်း ၎င်းက မှတ်ချက်ပြုခဲ့သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို