ထိုင်းနိုင်ငံတွင် လှိုဏ်ဂူအတွင်း ပိတ်မိနေသူများအား ကယ်ဆယ်ရန် ဂူနံရံအားဖောက်ထွင်းပြီး ရေများစုပ်ထုတ်

၂၉ ဇွန်

ထိုင်းနိုင်ငံ မြောက်ပိုင်း လှိုဏ်ဂူအတွင်းပိတ်မိနေသည့် လူငယ် ၁၃ ဦးအား ကယ်ဆယ်ရေး ဆောင်ရွက်ရာတွင် ဗုဒ္ဓဟူးနေ့ညက မိုသည်းထန်စွာ ရွာသွန်းမှုကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများ ရပ်တန့်ခဲ့ရပြီး ကြာသပတေးနေ့ ညပိုင်းတွင် ပြန်လည်စတင် ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

ကြာသပတေးနေ့က ဂူအတွင်းမှ ရေများကို စုပ်ထုတ်ရန် ဂူအပြင်ဘက်မှ နံရံကို ဖောက်ထွင်းမှု စတင်ခဲ့ကြပြီး ထိုင်းနိုင်ငံ ကယ်ဆယ်ရေး အဖွဲ့များအပြင် အမေရိကန် ပြည်ထောင်စု၏ အင်ဒို- ပစိဖိတ်ဒေသ ကွပ်ကဲရေး ဌာနချုပ်မှ တပ်ဖွဲ့ဝင် ၃၀၊ ဗြိတိန်နိုင်ငံမှ အထူးရေငုပ်တပ်ဖွဲ့ဝင်များနှင့် လာအိုနိုင်ငံမှ ကယ်ဆယ်ရေး အဖွဲ့များလည်း ပူးပေါင်းပါဝင် ကူညီလျက်ရှိသည်။

ဂူနံရံကို ဖောက်ထွင်းရန် ဘန်ကောက်တွင် အခြေစိုက်သည့် ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီမှ ဆည်မြောင်းနှင့် ရေနုတ်မြောင်း တူးဖော်ရေး ကျွမ်းကျင်သူများကိုလည်း သောကြာနေ့က စေလွှတ်ထားကြောင်း သိရသည်။

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကယ်ဆယ်ရေး လုပ်ငန်းများ နှောင့်နှေးလျက်ရှိနေပြီး ထိုင်းရေတပ်မှ ထုတ်ပြန်သော ဗီဒီယိုတစ်ခုတွင် လှိုဏ်ဂူအတွင်း၌ မည်းမှောင်နေပြီး ရေများစီးဆင်းနေသည်ကို တွေ့ရသည်။

ထိုင်းစစ်တပ်နှင့် ရဲတပ်ဖွဲ့များ၏ ပြောကြားချက်အရ ပိတ်မိနေသူများသည် ဂူအတွင်းက ရေလွတ်သည့် အခန်းတစ်ခုခုတွင် ရှိနေနိုင်ကြောင်း သိရသည်။

MDN

ကိုးကား - NHK