ထိုင်းနိုင်ငံတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသား ၂၁၆ ဦး  မြဝတီ အမှတ်(၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် ဆက်လက်ဝင်ရောက် 

မြဝတီ ဇွန် ၂၃ 

 

ထိုင်းနိုင်ငံတွင် ရောက်ရှိနေပြီး နေရပ်ပြန်လိုသည့် မြန်မာနိုင်ငံသားများအား မြဝတီမြို့၊ မြန်မာ-ထိုင်း အမှတ်(၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့်  ပြန်လည်ကြိုဆိုလက်ခံလျက်ရှိရာ ဇွန် ၂၁ ရက်က ၂၁၆ ဦး ဆက်လက်ဝင်ရောက်ခဲ့သည်။ 

 

အဆိုပါ ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများအား တာဝန်ရှိသူများက ကြိုဆိုခဲ့ကြပြီး သက်ဆိုင်ရာ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့်  တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါ အသိပညာပေးခြင်း၊ ပြန်လည်ဝင်ရောက် လာသူများ၏ အချက်အလက်များ ကောက်ယူခြင်းတို့ကို ဆောင်ရွက်ပေးသည်။ 

 

ထိုင်းနိုင်ငံမှ ပြန်လာသူများတွင် ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးမှ နေရပ်ပြန်များအား မော်လမြိုင်မြို့ရှိ ၁၀ မြို့နယ် အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းသို့ ပို့ဆောင်ထားပြီး အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များမှ နေရပ်ပြန်များအား မြဝတီမြို့ရှိ ရွှေမြဝတီ အသွားအလာ ကန့်သတ်စောင့်ကြည့်ရေးစခန်းများတွင် ၁၀ ရက်ကြာ အသွားအလာ ကန့်သတ်ထားရှိကာ ကိုဗစ်ရောဂါပိုး ရှိမရှိ စစ်ဆေးပြီးမှ သက်ဆိုင်ရာ မြို့နယ်များသို့ ပို့ဆောင်ပေးလျက်ရှိသည်။ 

 

ပြန်လည်ဝင်ရောက်လာသူများမှာ တိုင်းဒေသကြီး/ပြည်နယ် အသီးသီးမှ  အမျိုးသား ၁၄၅ ဦး၊ အမျိုးသမီး ၇၁ ဦး စုစုပေါင်း ၂၁၆ ဦးဖြစ်သည်။ 

 

ထိန်လင်းအောင်(ပြန်/ဆက်)