ထိုင်းနိုင်ငံတွင် သွားရောက်ကပြခဲ့သည့် ရွှေတံဆိပ်သုံးဆုရှင် ကျောက်ဆည်ဆင်အကအဖွဲ့ ကလေးစာပေပွဲတော်(တာချီလိတ်)၌ ဖျော်ဖြေမည်

တာချီလိတ် ၂၄ ဇွန် 

 

ကလေးစာပေပွဲတော်(တာချီလိတ်)တွင် ကျောက်ဆည် ဉာဏ်လင်းထက်၏ အဆင့်မြင့်ဆင်အကအဖွဲ့ ကပြ ဖျော်ဖြေရန် ယမန်နေ့က  ရောက်ရှိကြောင်း သိရသည်။ 

 

အဆိုပါ ဆင်အကအဖွဲ့ကို မော်ဒယ် ဆင်မင်းသား ဉာဏ်လင်းထက်က ဦးဆောင်ပြီး ဆင်အကပြိုင်ပွဲများ၌ ပထမ ဆု သုံးကြိမ်ရခဲ့သည်။ ၎င်း၏ဖခင် ဆင်မင်းသားကြီး ဆရာဇော်ဂျီမောင်သည် ပထမဆု ခြောက်ကြိမ်ရခဲ့သည်။

 

ဉာဏ်လင်းထက်၏ ဖျော်ဖြေရေး ဆင်အရုပ်သည် ခန္ဓာကိုယ်လုံးပတ်အဝိုင်း ရှစ်ပေခွဲ၊ လည်ပင်းအရစ် ခြောက်ပေခွဲ၊ ဦးခေါင်းအမြင့် တစ်ပေ ရှစ်လက်မနှင့် ကိုယ်လုံးအရှည် ငါးပေ လေးလက်မရှိကြောင်းသိရပြီး ပွဲတော်ရက်များ၌ ဂီတမှူးပေါသျှံ၊ သျှန်ထွန်း(မြန်မာစာ)၊ ဆိုင်းမင်းသားလေး ဇော်သူဟိန်း၊ မဲနော (မန္တလေး )နှင့် မန်းပန်တျာစံဖဲ (ပြင်ဦး လွင်)တို့၏ တေးသီချင်းများဖြင့် သရုပ်ဖော်ကပြ ဖျော်ဖြေသွားမည် ဖြစ်သည်။

 

ယင်းအဖွဲ့သည် ဒေသတွင်းဆင်အက ပြိုင်ပွဲများ၌ ပထမ ရွှေတံဆိပ်ဆု သုံးကြိမ်ရရှိခဲ့ပြီး ၂၀၁၇ ခုနှစ် ဒီဇင်ဘာလက ဆရာတော် ဦးဇောတိက၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ သွားရောက်ဖျော်ဖြေ တင်ဆက်ခဲ့သည်။

 

အဆိုပါ ဆင်အကအဖွဲ့သည် မော်လမြိုင်၊ မုံရွာ၊ ရန်ကုန်၊ စစ်ကိုင်း၊ စစ်တွေ၊ မြစ်ကြီးနားနှင့် ပဲခူးမြို့တို့တွင် ကျင်းပခဲ့သော ကလေးစာပေပွဲတော်များ၌ ကပြဖျော်ဖြေခဲ့ပြီး ယခုလ ၂၅၊ ၂၆ ရက်တွင် တာချီလိတ် ကလေးစာပေပွဲတော်၌ ကပြဖျော်ဖြေမည်ဖြစ်ကာ မည်သူမဆို လာရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

 

ကိုကိုနိုင်(မိုင်းယု)