ဗန်ကောက် မေ ၂၀
ထိုင်းနှင့် အင်ဒိုနီးရှားနှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ရေးမြှင့်တင်ရန် ယမန်နေ့က သဘောတူခဲ့ကြောင်း သိရသည်။
ထိုင်းနိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသည့် အင်ဒိုနီးရှားသမ္မတ ပရာဘိုဝိုဆူဘီရန်တိုအား ဝန်ကြီးချုပ် ပေတုန်တန် ရှင်နာဝပ်ထရာက ဗန်ကောက်ရှိ အစိုးရအိမ်တော်တွင်လက်ခံတွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံအကြား ကဏ္ဍစုံတွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးအတွက် ဆွေးနွေးခဲ့သည်။ နှစ်နိုင်ငံအကြား မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်အတွက် အဆင့်မြင့်တာဝန်ရှိသူများအကြား ပုံမှန်အစည်းအဝေးကျင်းပရေးနှင့် ရှင်းလင်းပြတ်သားသည့် လုပ်ငန်းစဉ်များချမှတ်ရန် လိုအပ်ကြောင်း ဝန်ကြီးချုပ်ပေတုန်တန်က ပြောကြားသည်။ ထို့ပြင် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်သည့်အနေဖြင့် နယ်စပ်ဖြတ်ကျော်မှုခင်းများဖြစ် သည့် အွန်လိုင်းလိမ်လည်မှုများ၊ လူကုန်ကူးမှုများနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးတို့တွင် ပူးပေါင်းဆောင် ရွက်မှုမြှင့်တင်ရန် နှစ်နိုင်ငံအကြား သဘောတူခဲ့ သည်။ အွန်လိုင်းလိမ်လည်မှု ခံစားခဲ့ရသည့် အင်ဒိုနီးရှားနိုင်ငံသားများအား အကူအညီများ ပေးအပ်ခြင်းနှင့် သတင်းအချက်အလက်များ မျှဝေခြင်းအတွက် ထိုင်းနိုင်ငံအား ကျေးဇူးတင်ရှိကြောင်း အင်ဒိုနီးရှားသမ္မတ ပရာဘိုဝိုဆူဘီရန်တိုက ပြောကြားသည်။
ကာကွယ်ရေးဆိုင်ရာ စက်မှုလုပ်ငန်းများနှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုအပါအဝင် လုံခြုံရေးပူးပေါင်း ဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။
ထိုင်း-အင်ဒိုနီးရှား ပူးတွဲကုန်သွယ်ရေးကော်မတီ ဝန်ကြီးအဆင့်အစည်းအဝေးကို ယခုနှစ်အတွင်း ထိုင်းနိုင်ငံကအိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ပြီး ကုန်သွယ်မှုပမာဏမြှင့်တင်ရေး၊ ကုန်သွယ်မှုအတား အဆီးများကိုလျှော့ချရေးနှင့် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရေးဆောင်ရွက်မည်ဖြစ်ကြောင်း ပေတုန်တန်က ပြောကြားခဲ့သည်။
ပူးပေါင်းဆောင်ရွက်မည်
ကမ္ဘာလုံးဆိုင်ရာ မသေချာမှုများဖြစ်ပွားနေပြီး အမေရိကန်က ကုန်သွယ်မှုဆိုင်ရာ အခွန်များတိုးမြှင့် ကောက်ခံနေသည့်လက်ရှိအချိန်တွင် အရှေ့တောင် အာရှနိုင်ငံများအသင်း(အာဆီယံ)ကို အားကောင်းစေရန် နှစ်ဖက်စလုံးမှ ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
နှစ်နိုင်ငံခေါင်းဆောင်များသည် ကျန်းမာရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲကိုလည်း ကျင်းပခဲ့သည်။
ကိုးကား - ဆင်ဟွာ၊ ဘာသာပြန် - စိုးသူရ