ထိုင်းဖိတ်ခေါ် အမျိုးသမီးဖူဆယ်ပြိုင်ပွဲတွင် မြန်မာအသင်း အဆင့် ၅ နေရာသာရရှိ

NSDF ထိုင်းဖိတ်ခေါ် အမျိုးသမီးဖူဆယ်ပြိုင်ပွဲ နောက်ဆုံးနေ့ကို ဧပြီ ၂၆ ရက်က ထိုင်းနိုင်ငံ၌ ဆက်လက်ကျင်းပရာ မြန်မာအသင်း ရှုံးပွဲထပ်မံကြုံတွေ့ပြီး အဆင့် ၅ နေရာသာရရှိခဲ့သည်။

မြန်မာအသင်းသည် နောက်ဆုံးပွဲအဖြစ် သြစတြေးလျကလပ် South Perth အသင်းနှင့် ယှဉ်ပြိုင်ကစားရာ သုံးဂိုး-နှစ်ဂိုးဖြင့် အရေးနိမ့်ခဲ့သည်။  ချန်ပီယံဆုအတွက် အဆုံးအဖြတ်ပွဲတွင် ထိုင်းနှင့် အင်ဒိုနီးရှားအသင်းတို့ တစ်ဂိုးစီသရေကျခဲ့ပြီး ထိုင်းအသင်းက ဂိုးကွာခြားချက်အသာဖြင့် ချန်ပီယံဖြစ်ခဲ့သည်။ နိုင်ပွဲမရသေးသည့် မြန်မာနှင့် သြစတြေးလကလပ်အသင်းတို့တွေ့ဆုံသောဖြစ်သောကြောင့် နှစ်သင်းစလုူံး ပထမဆုံးနိုင်ပွဲရရန် ကြိုးပမ်းခဲ့ရာ အပြန်အလှန်သွင်းဂိုးများဖြင့် မြန်မာအသင်း အရေးနိမ့်ခဲ့ခြင်းဖြစ်သည်။ မြန်မာအသင်းအတွက် ဂိုးများကို ဇင်မိုးပြည့်နှင့် ခိုင်သဇင်ဦးတို့က သွင်းယူခဲ့သည်။

ပြိုင်ပွဲအပြီးတွင် ထိုင်းအသင်းက ရမှတ် ၁၀ မှတ်ဖြင့် ချန်ပီယံ၊ အင်ဒိုနီးရှားအသင်းက ရမှတ် ၁၀ မှတ်ဖြင့် ဒုတိယ၊ ထိုင်း All Stars အသင်းက ကိုးမှတ်ဖြင့် တတိယ၊ သြစတြေးလျကလပ် South Perth အသင်းက သုံးမှတ်ဖြင့် အဆင့် ၄ နှင့် မြန်မာအသင်းက လေးပွဲစလုံးရှုံးပြီး အမှတ်မရရှိဘဲ ဇယားအောက်ဆုံးနေရာ၌ ရပ်တည်ခဲ့သည်။

သတင်း-ရဲရင့်လွင်
ဓာတ်ပုံ-Futsal Thailand