ထိုင်းဖိတ်ခေါ် ဖူဆယ်ပြိုင်ပွဲ တတိယလုပွဲတွင် မြန်မာအသင်း ရှုံးနိမ့်

မတ် ၂၀၊ ၂၀၂၂


ထိုင်းဖိတ်ခေါ် ဖူဆယ်ပြိုင်ပွဲဖြစ်သော NSDF Futsal Invitation Championship 2022 ပြိုင်ပွဲ တတိယနေရာလုပွဲနှင့် ဗိုလ်လုပွဲကို မတ် ၂၀ ရက်က ဆက်လက်ကျင်းပရာ မြန်မာအသင်း တတိယနေရာလုပွဲတွင် ရှုံးနိမ့်ခဲ့သည်။

မြန်မာအသင်းသည် တတိယလုပွဲအဖြစ် အိုမန်အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ပြီး ပယ်နယ်တီအဆုံးအဖြတ်တွင် အရေးနိမ့်ခဲ့ခြင်းဖြစ်သည်။ မြန်မာနှင့် အိုမန်အသင်းသည် သာမန်ပွဲကစားချိန်တွင် သုံးဂိုးစီသရေကျနေသဖြင့် ပယ်နယ်တီဖြင့် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ပထမပိုင်းတွင် တစ်ဂိုးစီသရေ၊ ဒုတိယပိုင်းတွင် နှစ်ဂိုးစီသရေကျနေသဖြင့် ပယ်နယ်တီဖြင့် ဆုံဖြတ်ရာ အိုမန်အသင်းက ငါးဂိုး-လေးဂိုးဖြင့် အနိုင်ယူကာ စုစုပေါင်း ရှစ်ဂိုး-ခုနစ်ဂိုးဖြင့် တတိယနေရာရခဲ့ခြင်းဖြစ်သည်။ ပွဲချိန်အတွင်း မြန်မာအသင်းအတွက် ဂိုးများကို မျိုးသက်အောင်၊ ချမ်းသာနှင့် နိုင်လင်းထွန်းကျော်တို့က သွင်းယူသည်။

မြန်မာအသင်းသည် ဧပြီတွင်ယှဉ်ပြိုင်ရမည့် အာဆီယံ ဖူဆယ်ပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ယခုပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ပြီး စတုတ္ထနေရာဖြင့်သာ ကျေနပ်ခဲ့ရခြင်းဖြစ်သည်။ မြန်မာအသင်းသည် ယခုပြိုင်ပွဲအပြီးတွင် ထိုင်းနိုင်ငံ၌ ဆက်လက်လေ့ကျင့်သွားမည်ဖြစ်သည်။

သတင်း-ကိုညီလေး