ထိုင်ဝမ်၌ အင်အားပြင်းငလျင်လှုပ်ခတ်၊ အဆောက်အအုံအချို့ ပြိုကျပျက်စီး

ထိုင်ဝမ်   စက်တင်ဘာ   ၁၉

 

ထိုင်ဝမ်၌ အင်အား ၇ ဒသမ ၃ အဆင့်ရှိ ငလျင်တစ်ခု ယနေ့လှုပ်ခတ်ခဲ့ရာ ဟွာလင်စီရင်စု၌ အဆောက်အအုံအချို့ ပြိုကျပျက်စီးခဲ့ပြီး   ရထားတွဲဆိုင်းများ ပြေးလမ်းချော်မှုဖြစ်ပွားခဲ့ကြောင်း ယမန်နေ့ သတင်းများအရ သိရသည်။

 

ယမန်နေ့ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီ ၄၄ မိနစ်ခန့်တွင် အဆိုပါ ငလျင်လှုပ်ခတ် ခဲ့ခြင်းဖြစ်ပြီး ငလျင်၏ အလယ်ဗဟိုချက်သည်  ထိုင်ဝမ်အနီး သုံးကီလိုမီတာအနီး၌ ဖြစ်ကြောင်း ဂျပန်မိုးလေဝသအေဂျင်စီက ပြောသည်။

 

ဂျပန်နိုင်ငံတောင်ပိုင်း အိုကီနာဝါ စီရင်စုရှိ မီယာကိုဂျီမာနှင့် ယေရာမာဒေသများ၌ ဆူနာမီရေလှိုင်းသတိပေးချက်များ ထုတ်ပြန်ခဲ့ပြီး အချိန်အနည်းငယ်ကြာပြီးနောက် အဆိုပါအေဂျင်စီက ယင်းထုတ်ပြန်ချက်ကို ပြန်လည်ရုပ်သိမ်းခဲ့သည်။  ငလျင်လှုပ်ခတ်ခဲ့ပြီးနောက် ဟွာလင် နှင့် တိုင်တန်စီရင်စုများ၌ ငလျင်ငယ်များ ဆက်တိုက်လှုပ်ခတ်ခဲ့ကြောင်း တိုင်ပေ ရာသီဥတုဗျူရိုက ပြောကြားသည်။ 

 

ငလျင်လှုပ်ခတ်မှုကြောင့် ဟွာလင် စီရင်စုရှိ စတိုးဆိုင်တစ်ခုပါရှိသည့် လူနေအိမ် သုံးထပ်အဆောက်အအုံတစ်ခု ပြိုကျ ပျက်စီးခဲ့ပြီး အဆိုပါ  အပျက်အစီးများအောက်မှ  လူသုံးဦးအား ကယ်ဆယ်နိုင်ခဲ့ကြောင်းနှင့် သေဆုံးသူဦးရေ အတိအကျ  မသိရသေးကြောင်း မီးသတ်သမားများက ပြောကြားသည်။

 

ထို့ပြင် အဆိုပါ ငလျင်လှုပ်ခတ်မှု ကြောင့် ဟွာလင်စီရင်စုရှိ မီးရထားဘူတာ ရုံတစ်ရုံ၌ မီးရထားတွဲဆိုင်းများ ပြေးလမ်း ချော်မှုဖြစ်ပွားခဲ့သည်။

 

ရထားခရီးသည် ၂၀ အား ဘေးလွတ်ရာသို့  ပြောင်းရွှေ့ပေးခဲ့ရပြီး  ထိခိုက် ဒဏ်ရာရရှိသူမရှိကြောင်း  ထိုင်ဝမ်  ဗဟို သတင်းအေဂျင်စီက ပြောကြားသည်။

 

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အောင်ကျော်ကျော်