ထိုင်ဝမ်၌ ငလျင်လှုပ်ခတ်မှုကြောင့် တစ်ဦးသေဆုံး၊ ၁၄၂ ဦး ဒဏ်ရာရ

စက်တင်ဘာ ၁၉

 

ထိုင်ဝမ်၌ ယမန်နေ့က လှုပ်ခတ်ခဲ့သောငလျင်ကြောင့် တစ်ဦးသေဆုံးပြီး အခြား ၁၄၂ ဦး ဒဏ်ရာရရှိခဲ့သည်ဟု သတင်းများအရ သိရသည်။

 

ထိုင်ဝမ်အရှေ့ပိုင်းတွင် ယမန်နေ့မွန်းလွဲပိုင်းက ပြင်းအား ၆ ဒသမ ၈ ပမာဏရှိငလျင်လှုပ်ခတ်ခဲ့ပြီး ဟွာလီအန်ဒေသအနီးနှင့်တိုင်တန်ဒေသတို့တွင် ငလျင်လှုပ်ခတ်မှုအားပြင်းထန်ခဲ့ကြောင်း ဗဟိုမိုးလေဝသက ပြောကြားသည်။

 

အဆိုပါငလျင်လှုပ်ခတ်မှုကြောင့် ဟွာလီအန်ဒေသရှိ ဘိလပ်မြေစက်ရုံ အပျက်အစီးအောက်ပိမိနေသူ အမျိုးသားတစ်ဦး သေဆုံးခဲ့သည်ဟု သိရသည်။

 

ဟွာလီအန်ဒေသတွင် စတိုးဆိုင်တစ်ဆိုင်ပါရှိသည့် လူနေအိမ်သုံးထပ်အဆောက်အအုံတစ်လုံးပြိုကျခဲ့ပြီး ထိုအပျက်အစီးများ အောက်မှ ဒဏ်ရာရသူလေးဦးကို ကယ်ဆယ်နိုင်ခဲ့သည်။

 

ထိုငလျင်လှုပ်ခတ်မှုကြောင့် ရထားတွဲတစ်တွဲ ပြေးလမ်းလျှော်မှုဖြစ်ပွားခဲ့သည်။ အိမ်ထောင်စုပေါင်း ၂၁၀၀၀ ခန့်သည် ဓါတ်အားပြတ်တောက်မှုနှင့်ကြုံတွေ့နေရသည်။

 

ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို