၃၀ ဇွန်
ဧပြီ၊ မေ နွေရက်များ ကုန်လွန်ပြီး ဇွန်လ ၃ ရက်သည် မြန်မာနိုင်ငံတစ်ဝန်းရှိ အခြေခံပညာကျောင်းများဖွင့်လှစ်ရာ အချိန်အခါဖြစ်သည်။ သစ်လွင်သောအဖြူ၊ အစိမ်းဝတ်စုံများ ဝတ်ဆင်ထားသော မျိုးဆက်သစ်ရင်သွေးငယ်များသည် ရွှင်လန်းတကြွကွသည့် ခြေလှမ်းများဖြင့် ကျောင်းတော်ကြီးဆီသို့ ဦးတည်လျှောက်လှမ်းနေကြသည်။ နွေကျောင်းပိတ်ရက်များတွင် တိတ်ဆိတ်ငြိမ်သက်ခဲ့ရသည့် ကျောင်းတော်ကြီးသည် ကျောင်းတက်ခေါင်းလောင်းသံ၊ နိုင်ငံတော်သီချင်း သီဆိုသံ၊ စာအံသံ၊ ကဗျာရွတ်ဆိုသံများဖြင့် သက်ဝင်နိုးထလာခဲ့သည်။
ကျောင်းဝတ်စုံအစား ပြဋ္ဌာန်းစာအုပ်များ ထောက်ပံ့ပေး
ယခု ပညာသင်နှစ် ၂၀၁၉- ၂၀၂၀ တွင် ပညာရေးဝန်ကြီးဌာနအနေဖြင့် မူလတန်းအဆင့် ကျောင်းသား ကျောင်းသူများကို ကျောင်းဝတ်စုံအစား ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ၊ ဗလာစာအုပ် ၁၂ အုပ်စီ ထောက်ပံ့ပေးပြီး အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့် ကျောင်းသား ကျောင်းသူများကို ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ ထောက်ပံ့ပေးခဲ့သည်။
ပညာရေးတွင် အရေးကြီးဆုံးဖြစ်သည့် ကျောင်းသုံး ပြဋ္ဌာန်းစာအုပ်များကို ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေး နှင့်ထုတ်ဝေရေးဦးစီးဌာနက တာဝန်ယူရိုက်နှိပ်ခဲ့ရပြီး အချိန်မီ ပြီးစီးရေး ၊ သတ်မှတ်အရည်အသွေးပြည့်မီရေးတို့ကို ဝန်ထမ်းများက ဝိုင်းဝန်းအားထုတ်ခဲ့ကြသည်။ အနာဂတ်၏ နိုင်ငံ့သား ကောင်းများ အသုံးပြုမည့် ကျောင်းသုံးစာအုပ်များကို အရည်အသွေးပြည့်မီစွာ အချိန်မီ ပုံနှိပ်ပေးနိုင်ခဲ့သည့်အတွက်လည်း ကြည်နူးပီတိဖြစ်ကြရသည်။
ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနသည် တိုင်းရင်းသား ပြည်သူများ စာပေဗဟုသုတ တိုးပွားစေရန်၊ လူထုမီဒီယာ မှတစ်ဆင့် စာပေဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ရွက်ရန်နှင့် နိုင်ငံတော်အဖွဲ့အစည်းများ၏ ပုံနှိပ်ခြင်းဆိုင်ရာများကို သတ်မှတ်ချက်များနှင့်အညီ အချိန်မီပြီးစီးနိုင်ရေးအတွက် ဆောင်ရွက်စေရန်ဆိုသည့် ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်း ဆောင်ရွက်လျက်ရှိသည်။
ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၏ အဦးအစသည် လွန်ခဲ့သည့် နှစ်ပေါင်း ၁၄၀ ကျော်၊ ၁၈၈၀ ပြည့်နှစ်က ရန်ကုန် ဗဟိုအကျဉ်းထောင်တွင် စတင်တည်ထောင်ခဲ့သည့် အစိုးရပုံနှိပ်တိုက်မှ စတင်ခဲ့သည်။ အစိုးရပုံနှိပ်တိုက်သည် မြန်မာနိုင်ငံအစိုးရအတွင်းဝန်များရုံး၏ ပုံနှိပ်လုပ်ငန်းများကို ဆောင်ရွက်ရာမှ အခြားပုံနှိပ်လုပ်ငန်းများကို တစ်စတစ်စ တိုးချဲ့ဆောင်ရွက်လာခဲ့ကာ ၁၉၀၆ ခုနှစ်တွင် ဗိုလ်တထောင် မြို့နယ် သိမ်ဖြူလမ်း အမှတ် ၂၂၈ ရှိ ဗဟိုပုံနှိပ်စက်ရုံကို စတင်အုတ်မြစ်ချပြီး ၁၉၁၁ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည်။ အုပ်ချုပ်ရေးစနစ်သစ်တွင် ဗဟိုပုံနှိပ်တိုက်နှင့် တိုက်ခွဲများ၊ စာပေဗိမာန်အဖွဲ့နှင့် ပြည်သူပိုင် ပုံနှိပ်တိုက်များကို စုပေါင်း ဖွဲ့စည်းကာ “ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေးကော်ပိုရေး ရှင်း” ဖြစ်ပေါ်လာခဲ့သည်။
၁၉၈၉ ခုနှစ်တွင် “ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေး လုပ်ငန်း”၊ ၂၀၁၆ ခုနှစ်တွင် “ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီး ဌာန” ဟူ၍ ဖြစ်လာပြီး ပုံနှိပ်လုပ်ငန်းများနှင့် စာပေဖွံ့ဖြိုးရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။ ဗဟိုပုံနှိပ်တိုက် အဆောက်အအုံကို ၂၀၁၅ ခုနှစ် စက်တင်ဘာလတွင် ရန်ကုန်မြို့ ပြအမွေအနှစ်တစ်ခုအဖြစ် အပြာရောင်ကမ္ပည်း ပြားတပ်ဆင်ကာ ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
နိုင်ငံ၏ စာပေဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန လက်အောက်ရှိ စာပေဗိမာန် ရုံးက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသကဲ့သို့ ပုံနှိပ်လုပ်ငန်းများကို ပုံနှိပ်ဌာနခွဲများဖြစ်သည့် နေပြည်တော်ရှိ ပုံနှိပ်စက်ရုံ တစ်ခု၊ မန္တလေးမြို့ရှိ ပုံနှိပ်စက်ရုံ တစ်ခုနှင့် ရန်ကုန်မြို့ရှိ ပုံနှိပ်စက်ရုံ ငါးခု တို့က တာဝန်ယူဆောင်ရွက်လျက်ရှိသည်။
စာပေဗိမာန်က အပတ်စဉ်ထုတ်ဝေသည့် ရွှေသွေး ဂျာနယ်၊ လစဉ်ထုတ်ဝေသည့် သုတပဒေသာမဂ္ဂဇင်း၊ နှစ်စဉ် ထုတ်ဝေသည့် မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ်တို့အပြင် နိုင်ငံတော် ပြန်တမ်းများ၊ ပြက္ခဒိန်များ၊ ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ နှင့် ဗလာစာအုပ်များကိုလည်း ပုံနှိပ်ပေးလျက်ရှိသည်။
ထို့ပြင် စာပေဗိမာန်စာမူဆုရစာအုပ်များ၊ ပခုက္ကူဦးအုံးဖေ စာမူဆုရစာအုပ်များ၊ အစိုးရအဖွဲ့အစည်းများ၊ နိုင်ငံတော် သမ္မတရုံး၊ ပြည်သှူလွှတ်တော်ရုံး၊ အစိုးရအဖွဲ့ရုံးနှင့် အခြား ဝန်ကြီးဌာနများက အပ်နှံလာသည့် ပုံနှိပ်လုပ်ငန်းများကို လည်း အချိန်မီ အချိန်ကိုက်ပြီးစီးရန် ဆောင်ရွက်လျက်ရှိသည်။
ပညာသင်နှစ်အမီ ပြီးစီးရေးသည် အရေးကြီး
ယင်းပုံနှိပ်လုပ်ငန်းများအနက် အဓိကအကျဆုံးမှာ ပညာရေးဝန်ကြီးဌာနမှ အပ်နှံသော ကျောင်းသုံးပြဋ္ဌာန်း စာအုပ်များကို ပညာသင်နှစ်အမီ ပုံနှိပ်ပေးရခြင်းဖြစ်သည်။ ပညာရေးဝန်ကြီးဌာနနှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ ပုံနှိပ်ခဲ့သည်မှာ ခေတ်အဆက်ဆက် နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်သည်။
၁၉၅၁ ခုနှစ်၌ မြန်မာနိုင်ငံနှင့် သင့်လျော်သည့် ပညာရေး ချမှတ်ဆောင်ရွက်နိုင်မည့် စီမံကိန်းတစ်ရပ် ပေါ်ပေါက်ရန်အတွက် နိုင်ငံတကာရှိ ပညာရေးတည်ဆောက်မှုများကို လေ့လာရန် “မြန်မာနိုင်ငံပညာစုံစမ်းလေ့လာရေးမစ်ရှင်” (The Burma Educational Observation and Study Mission)အဖွဲ့ကို ဖွဲ့စည်းပြီး အင်္ဂလန်၊ အမေရိကန်၊ မက္ကဆီကို၊ ကနေဒါ နှင့် ပါကစ္စတန်နိုင်ငံတို့သို့ စေလွှတ်ခဲ့သည်။
ယင်းမစ်ရှင်အဖွဲ့၏ ခေါင်းဆောင်မှာ ပညာမင်းကြီး ဦးကောင်းဖြစ်ပြီး အဖွဲ့ဝင် ခြောက်ဦး ပါဝင်သည်။ အဖွဲ့၏ အစဉ် တစိုက်ကြိုးပမ်းမှုဖြင့် “ပညာရေး ပြန်လည်ဖွဲ့စည်းရေး ကော်မတီ” က ၁၉၅၂ခုနှစ် ဩဂုတ်လတွင် ကျင်းပသည့် “ပြည်တော်သာညီလာခံ” သို့ ဘဝသစ်ဖန်တီးမှု ပြည်တော်သာ ပညာရေးစီမံကိန်းကို တင်သွင်းခဲ့ပြီး လွတ်လပ်ရေးရပြီး နောက်ဒုတိယအကြိမ်ပညာရေး ပြုပြင်ပြောင်းလဲမှုကို စတင်ခဲ့သည်။
နိုင်ငံတော်အစိုးရ၏ ဘဝသစ်ဖန်တီးမှု ပညာရေးစီမံကိန်းတွင် ကျောင်းသုံးစာအုပ် အမြောက်အမြားထွက်ပေါ်ရေးသည် အရေးကြီးသော ကိစ္စတစ်ရပ်ဖြစ်သည့်အတွက် ပညာရေးဝန်ကြီးဌာနသည် ၁၉၅၂ခုနှစ် အောက်တိုဘာလတွင် ကျောင်းသုံးစာအုပ် ထုတ်လုပ်မှု ညွှန်ကြားရေးဝန်ကြီးဌာနကို ဖွဲ့စည်းခဲ့သည်။ ထိုနှစ်မှာပင် မြန်မာနိုင်ငံဘာသာပြန်စာပေအသင်း (စာပေဗိမာန်) တွင်လည်း ရိုးရိုးစာသင်ကျောင်းနှင့် သက်မွေးမှု ကျောင်းများအတွက် ကျောင်းသုံးစာအုပ်များ ထုတ်ဝေရန် ကျောင်းသုံးစာအုပ်ဌာနကို ဖွင့်လှစ်ခဲ့သည်။
သူငယ်တန်းမှ တက္ကသိုလ်အထိ မြန်မာဘာသာသင်ကြား ပို့ချနိုင်ရန် ကြိုးပမ်းရာ၌ အကြီးမားဆုံး ပြဿနာမှာ ကျောင်းသုံး စာအုပ်များ အလုံအလောက်ရရှိရေးပင်ဖြစ်သည်။ လွတ်လပ်ရေးရပြီးစ ကာလတွင် ပညာရေးဝန်ကြီးဌာနသည် အင်္ဂလိပ် ကိုလိုနီခေတ်က ပြဋ္ဌာန်းခဲ့သော ကျောင်းသုံးစာအုပ်များအစား ကျောင်းသုံးပြဋ္ဌာန်းစာအုပ်အသစ်များကို စာပေဗိမာန်နှင့် ပူးပေါင်းပြုစုထုတ်ဝေခဲ့သည်။ ထိုစဉ်က ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်မှူး ဦးသိန်းဟန် (ဆရာဇော်ဂျီ) သည် ကျောင်းသုံး စာအုပ်ပြုစုထုတ်ဝေရေး ညွှန်ကြားရေးမှူးဖြစ်သည်။ မြန်မာနိုင်ငံ ဘာသာပြန်စာပေအသင်း (စာပေဗိမာန်)နှင့် အစိုးရပညာရေး ဝန်ကြီးဌာန၊ ကျောင်းသုံးစာအုပ်ထုတ်လုပ်မှု ညွှန်ကြားရေး ဝန်ကြီးဌာနတို့ ပူးပေါင်း၍ ကျောင်းသုံးစာအုပ်များ ဘာသာ ပြန်ဆိုပြုစုရေးတို့ ဆောင်ရွက်ခဲ့ကြပြီး စာပေဗိမာန်ပုံနှိပ်တိုက်တွင်လည်း ကျောင်းသုံးစာအုပ်များ ပုံနှိပ်ခဲ့ကြသည်။ စာပေဗိမာန် အုပ်ချုပ်ရေးအဖွဲ့၏ အဓိကတာဝန်များတွင် အစိုးရ၏ မူဝါဒ နှင့်ကိုက်ညီသည့် အစိုးရအသိအမှတ်ပြု ကျောင်းသုံးစာအုပ်များ ပုံနှိပ်၍ ပြည်သူလူထုသို့ ဈေးအသက်သာဆုံးနှုန်းထားဖြင့် ရောင်းချဖြန့်ချိရန်သည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။
ခေတ်အဆက်ဆက်တွင် နိုင်ငံတော်၏ မူဝါဒများနှင့်အညီ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ မူလတန်းမှ အထက်တန်းအထိ ကျောင်းသုံးစာအုပ်နှင့် ဗလာစာအုပ်များ ပုံနှိပ်ထုတ်လုပ်မှု မှတ်တမ်းကိုကြည့်သော် ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန သည် ၁၉၆၂ မှ ၁၉၈၇ ခုနှစ် အထိ ၂၅ နှစ်တာ ကာလအတွင်း ကျောင်းသုံးဖတ်စာအုပ် သန်း ၂၀ မှ ၂၅ သန်း ကိုလည်းကောင်း၊ ဗလာစာအုပ်သန်းပေါင်း ၁၀ဝ ကို လည်းကောင်း နှစ်စဉ် ပုံနှိပ် ခဲ့သည်။
နှစ်စဉ် သန်း ၄၀ ခန့် ပုံနှိပ်ပေးနိုင်ခဲ့
၁၉၈၈ ခုနှစ် နောက်ပိုင်းတွင်လည်း ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဥက္ကဋ္ဌ၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အတွင်းရေးမှူးအဖြစ် ဆောင်ရွက်လျက် ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်ဖြန့်ချိရေး ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် အခြေခံပညာကျောင်း သုံးစာအုပ်များကို ပညာရေးဝန်ကြီးဌာန၏ လိုအပ်ချက်နှင့်အညီ နှစ်စဉ် သန်း ၄၀ ခန့် ပုံနှိပ်ပေးနိုင်ခဲ့သည်။ ကျောင်းသုံးပြဋ္ဌာန်း စာအုပ်များ၊ ဗလာစာအုပ်များကို အရည်အသွေး ပြည့်ဝစွာ အချိန်မီ ပုံနှိပ်နိုင်ရန် ဌာနအောက်ရှိ ပုံနှိပ်စက်ရုံအားလုံးသည် စက်ရုံအလိုက် လုပ်ငန်းစီမံချက်များ ရေးဆွဲပြီး ကျောင်းဖွင့်မည့် ဇွန်လမတိုင်မီ ကျောင်းသား ကျောင်းသူများ လက်ဝယ်အရောက် ဖြန့်ဖြူးပေးနိုင်ခဲ့သည်။
လွန်ခဲ့သည့် ၁၀ နှစ်အတွင်း ပညာသင်နှစ်အလိုက် ဆောင်ရွက်ခဲ့မှုများကို ပြန်လည်သုံးသပ်ကြည့်ပါက မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များမှာ ၂၀၁၀-၂၀၁၁ ပညာသင်နှစ်တွင် အုပ်ရေ ၃၈သန်း၊ ၂၀၁၁-၂၀၁၂ ပညာသင်နှစ်တွင် သန်း ၄၀ ကျော်၊ ၂၀၁၂-၂၀၁၃ ပညာသင်နှစ်တွင် ၄၄ သန်းကျော်၊ ၂၀၁၃-၂၀၁၄ ပညာ သင်နှစ်တွင် ၄၆ သန်းကျော် ပုံနှိပ်နိုင်ခဲ့သည်။
၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် မူလတန်းအဆင့် ၂၄ သန်းကျော်၊ ၂၀၁၅-၂၀၁၆ ပညာသင်နှစ်တွင် မူလတန်း၊ အထက် တန်းအဆင့်အတွက် ၂၈သန်းကျော်၊ ၂၀၁၆-၂၀၁၇ နှင့် ၂၀၁၇- ၂၀၁၈ ပညာသင်နှစ်များတွင် အလယ်တန်းအဆင့် ၃၆ သန်း ကျော်၊ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် အလယ်တန်းနှင့် အထက်တန်းအဆင့်အတွက် ၃၅ သန်း၊ ၂၀၁၉ -၂၀၂၀ ပညာ သင်နှစ်တွင် အလယ်တန်းနှင့် အထက်တန်းအဆင့်အတွက် ၃၉ သန်းကျော် ပုံနှိပ်ပေးနိုင်ခဲ့ပြီး လာမည့် ၂၀၂၀-၂၀၂၁ ခုနှစ် ပညာသင်နှစ်တွင် အုပ်ရေသန်း ၅၀ ပုံနှိပ်ရန် လျာထားကြောင်း သိရသည်။
စက္ကူအမျိုးအစားအနေဖြင့် ယခင်က ကျောင်းသုံးစာအုပ် အဖုံးကို Duplex Board 180 gsm ဖြင့် လည်းကောင်း၊ အတွင်းသားကို Newsprint 48.8 gsm စက္ကူဖြင့် လည်းကောင်း ဆောင်ရွက်ခဲ့ပြီး၂၀၁၄-၂၀၁၅ ပညာသင်နှစ်မှ စတင်၍ အဖုံးကို စက္ကူအမျိုးအစား ပိုမိုကောင်းမွန်သည့် Art Card 210 gsm စက္ကူဖြင့် လည်းကောင်း၊ အတွင်းသားကို စက္ကူဖြူချော Wood Free 70 gsm စက္ကူဖြင့် လည်းကောင်း ဆောင်ရွက်ခဲ့သည်။
စာအုပ်အရွယ်အစားအနေဖြင့် ၂၀၁၀-၂၀၁၁ ပညာသင် နှစ်တွင် စာအုပ်အရွယ်အစားကို (4 7/8 "× 6 7/8 ") နှင့် 6 7/8 "× 9 ½" ၊ 5 7/8 "× 8 ¼"၊ 8 ¼"× 10 7/8 " အရွယ် လေးမျိုး ပုံနှိပ်ခဲ့ရပြီး ၂၀၁၄-၂၀၁၅ ပညာသင်နှစ်မှစတင်၍ စာအုပ်အရွယ်အစားကို 6 7/8 "× 9 ½" အရွယ်တစ်မျိုး တည်းသာ ဆောင်ရွက်ခဲ့သည်။
ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များကို ယခင်က ပညာရေးဝန်ကြီးဌာန၏ အမှာစာအရ ပြန်ကြားရေးဝန်ကြီးဌာနက ပုံနှိပ်ထုတ်လုပ်ခဲ့သော်လည်း ၂၀၁၇-၂၀၁၈ ပညာသင်နှစ်မှ စတင်၍ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနနှင့် မြန်မာ နိုင်ငံပုံနှိပ်နှင့် ထုတ်ဝေသူလုပ်ငန်းရှင်များအသင်း အပါအဝင် ပြင်ပပုဂ္ဂလိက ပုံနှိပ်တိုက်များသို့ တင်ဒါစနစ်ဖြင့် အပ်နှံခွဲဝေ ပုံနှိပ်ထုတ်လုပ်ခဲ့သည်။
ယခုနှစ် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်၌ အလယ်တန်းနှင့် အထက်တန်းအတွက် ကျောင်းသုံးပြဋ္ဌာန်းစာအုပ် ၃၉၂၀၃၀၂၆ အုပ် ပုံနှိပ်ပေးခဲ့သည်။ ထို့ပြင် တိုင်းဒေသကြီး၊ ပြည်နယ်များ၏ ခရိုင်အဆင့်သို့တိုင် ကျောင်းဖွင့်အမီ စာအုပ် များရောက်ရှိရန် မြန်မာနိုင်ငံပုံနှိပ်နှင့် ထုတ်ဝေသူလုပ်ငန်းရှင် များအသင်းနှင့် တွဲဖက်ညှိနှိုင်း၍ ပို့ဆောင်ပေးခဲ့ကြသည်။ ၂၀၂၀-၂၀၂၁ ပညာသင်နှစ်မှစတင်၍ စနစ်သစ်သင်ရိုးကို အဖုံး၊ အတွင်းသား လေးရောင်၊ စနစ်ဟောင်းစာအုပ်များကို အဖုံး၊ အတွင်းသား တစ်ရောင်ဖြင့် ပုံနှိပ်ရန် လျာထားကြောင်း သိရသည်။
ပန်ကြားရေးဝန်ကြီးဌာန၏ ပင်မထောက်တိုင် တစ်ခုအဖြစ် ရပ်တည်
ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနသည် နိုင်ငံတော် အစိုးရ၏ တတိယ (၁) နှစ်တာကာလအတွင်း ပထမ(၆)လတာကာလ၌ ကျောင်းသုံးဖတ်စာအုပ် ၃၉ သန်းကျော်နှင့် လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော် (ရန်ကုန်) မှတ်တမ်းစာအုပ်၊ ပြည်သူ့အတွက် ဒုတိယ (၁) နှစ်တာ မှတ်တမ်းစာအုပ်၊ ၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ ဆန္ဒမဲလက်မှတ်များ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအဆင့်ဆင့် ရွေးကောက်ပွဲဆန္ဒမဲလက်မှတ်များကို စောင်ရေသန်းချီ၍ ပုံနှိပ်နိုင်ခဲ့သည်။
ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနသည် ပြန်ကြားရေး ဝန်ကြီးဌာန၏ ပင်မထောက်တိုင်ကြီးတစ်ခုအဖြစ် ပုံနှိပ် ထုတ်ဝေရေး၊ မြန်မာစာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို စွမ်းစွမ်းတမံ ဆောင်ရွက်လျက်ရှိသည်။ ကျောင်းသုံး ဖတ်စာအုပ်များ အချိန်မီပုံနှိပ်ပြီးစီးရေးအတွက် ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနမှ ပုံနှိပ်ဘက်ဆိုင်ရာ ဝန်ထမ်းကြီးငယ်တို့သည် သက်ဆိုင်ရာဌာနအကြီးအကဲတို့၏ လမ်းညွှန် ကြီးကြပ်မှုဖြင့် နေ့မအားညမနား တာဝန်ထမ်းဆောင် ခဲ့ကြသည်။
မြန်မာတစ်နိုင်ငံလုံးရှိ စာသင်ကျောင်းအသီးသီးတွင် အနာဂတ်၏သားကောင်း ရတနာလေးများ၊ ကျောင်းသား ကျောင်းသူများ၏ ရွှင်မြူးတက်ကြွသည့် စာအံသံများကို ကြားရသောအခါ ပင်ပန်းနွမ်းနယ်သမျှတို့သည် ပိန်းကြာရွက်တွင် ရေမတင်သကဲ့သို့ ပြေပျောက်ကြရသည်။ မိမိတို့ ထမ်းဆောင်ခဲ့ကြသည့် လုပ်ငန်းတာဝန်များအပေါ် ဂုဏ်ယူရင်း ပီတိဖြာဝေခဲ့ရပါတော့သည်။
ကိုးကားစာအုပ်စာတမ်းများ
၁။မြန်မာ့စွယ်စုံကျမ်းအတွဲ (၁၀)၊ စာပေဗိမာန်၊ ၁၉၆၈ (ဒုပုံနှိပ်)
၂။မြန်မာနိုင်ငံ အမျိုးသားပညာရေးသမိုင်း၊ ဦးဧကျော် (မဟာဝိဇ္ဇာ - ဥပဒေဝိဇ္ဇာ)၊ ပုလဲပန်းစာပေ၊ ၁၉၇၀၊ ဒီဇင်ဘာလ
၃။မြန်မာနိုင်ငံပညာရေးဌာနသမိုင်း၊ ဦးသန်းဦး၊ အငြိမ်းစား ညွှန်ကြားရေးမှူးချုပ်၊ ပညာတန်ဆောင်၊ ၁၉၉၉ ၊ ဇွန်လ
၄။စာပေဗိမာန် နှစ် ၇၀ ပြည့် (၁၉၄၇-၂၀၁၇) စာစောင်၊ စာပေဗိမာန်၊ ၂၀၁၇၊ ဩဂုတ်လ
၅။ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေးလုပ်ငန်း (moi website)
၆။ပုံနှိပ်ရေးနှင့်စာအုပ်ထုတ်ဝေရေးကော်ပိုရေးရှင်းအခြေအနေ (၁၉၆၂-၁၉၈၇)
တင်တင်ဝင်း (စာပေဗိမာန်)