ထန်တလန်မြို့ နယ်တွင် လာဗားချောင်းကူး တလန်လိုကြိုးတံတား ဖွင့်ပွဲကျင်းပ

ထန်တလန် ၁၃ နိုဝင်ဘာ

 

ချင်းပြည်နယ် ထန်တလန်မြို့နယ် တလန်ပီးကျေးရွာအုပ်စု တလန်လိုကျေးရွာတွင် ဂျပန် ပြည်သူပြည်သားများက ကူညီထောက်ပံ့သော ကြိုးတံတား စီမံကိန်းလုပ်ငန်းများ လွှဲပြောင်းပေးအပ်ခြင်းနှင့် လာဗားချောင်းကူး တလန်လိုကြိုးတံတား ဖွင့်ပွဲကို နိုဝင်ဘာ ၁၁ ရက် မွန်းလွဲ ၁ နာရီက ကျင်းပခဲ့ကြောင်း ထန်တလန်မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

 

အဆိုပါကြိုးတံတားကို UN-HABITAT ကုလသမဂ္ဂ၏ မြို့ရွာနှင့် အိုးအိမ်ပြန်လည် ထူထောင်ရေးအစီအစဉ်မှ တိုင်းရင်းသားမျိုးနွယ်စုများ နေထိုင်ရာဒေသရှိ ဆင်းရဲနွမ်းပါး၍ ထိခိုက်လွယ်သော ရပ်ရွာလူထုများအား အရေးပေါ် ကူညီထောက်ပံ့မှုစီမံကိန်းအရ ဂျပန်ပြည်သူပြည်သားများ ကူညီထောက်ပံ့မှုဖြင့် ကျေးရွာလူထု ဦးဆောင်ကာ ယခုနှစ် စက်တင်ဘာ ၁ ရက်က စတင်ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး အောက်တိုဘာ ၃၁ ရက်တွင် စီမံကိန်းကြိုးတံတား ဆောက်လုပ်ပြီးစီးခဲ့ခြင်းဖြစ်သည်။

 

ယင်းလာဗားချောင်းကူး ကြိုးတံတားမှာ အရှည် ပေ ၁၈ဝ၊ အကျယ် ၆ ပေ၊ အမြင့် ၁၁ ပေရှိပြီး စီမံကိန်းထောက်ပံ့ငွေ ကျပ် ၂၁၂၂၂ဝဝဝ၊ ကျေးရွာလူထုလုပ်အား တန်ဖိုးငွေကျပ် ၁၆၄၈ဝဝဝ ဖြင့် UN-HABITAT စီမံကိန်းမှ မြို့နယ်တာဝန်ခံ အင်ဂျင်နီယာ ဦးကျော်ကျော်သိန်းနှင့် အင်ဂျင်နီယာများ၊ ဝန်ထမ်းများက အနီးကပ်ကြီးကြပ်စီစဉ်ဆောင်ရွက်ကာ ကျေးရွာလူထု ပူးပေါင်းဆောင်ရွက်မှုဖြင့် ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

''အရင်က အဲဒီချောင်းကူး ကြိုးတံတားအဟောင်းဟာ ရေတိုက်စားသွားတာကြောင့် ပျက်စီးဆုံးရှုံးခဲ့ရပြီး မိုးရာသီအချိန်ကာလတွေမှာဆိုရင် တံတားမရှိလို့ ကျေးလက်ပြည်သူတွေ ကူးသန်းဖြတ်သွားဖို့ အရေးမှာ အခက်အခဲဒုက္ခတွေနဲ့ ကြုံတွေ့ခဲ့ကြရပါတယ်၊ အခုတော့ တံတားအသစ် ပြန်ပြီးဆောက်လုပ်နိုင်ပြီဖြစ်လို့ ဖလမ်းနယ်စပ်နဲ့ တလန်လိုကျေးရွာအနီး ပတ်ဝန်းကျင်မှာရှိကြတဲ့ ဒေသခံပြည်သူတွေအတွက် ကျန်းမာရေး၊ လူမှုရေး၊ ပညာရေး၊ စီးပွားရေးလုပ်ငန်းတွေမှာ အလွန်ပဲ အကျိုးပြုသွားမှာဖြစ်ပါတယ်'' ဟု တလန်လိုကျေးရွာ အုပ်ချုပ်ရေးမှူး ဦးရာလ်လျန်ပေါန်းက ပြောသည်။

 

ယခုအခါ ဂျပန်ပြည်သူပြည်သားများ၏ ကူညီထောက်ပံ့ငွေ၊ UN-HABITAT စီမံကိန်းမှ နည်းပညာ ကူညီပံ့ပိုးမှု၊ ကျေးရွာလူထု၏ ပူးပေါင်းဆောင်ရွက်မှုတို့ဖြင့် ဆောက်လုပ်ပြီးစီးခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ လာဗားချောင်းကူးတံတားအပြင် အရှည် ၁၅ ပေ၊ အကျယ် ၅ ပေ၊ အမြင့် ၅ ပေရှိ သံကူကွန်ကရစ် မြောင်းကျော်တံတားတစ်စင်းကို စီမံကိန်းပံ့ပိုးငွေ ကျပ် ၂၇ဝ၅ဝဝဝ၊ ရပ်ရွာလူထုလုပ်အားပူးပေါင်းပါဝင်မှု ကျပ် ၄၈ဝဝဝဝ ဖြင့်လည်းကောင်း၊ စီမံကိန်းပံ့ပိုးငွေကျပ် ၃၅၂၈ဝဝဝ၊ ရပ်ရွာလူထုလုပ်အား ပူးပေါင်းပါဝင်မှု ကျပ် ၂၈၈ဝဝဝဝ ဖြင့် မိသားစုသုံး ယင်လုံအိမ်သာ ၃၆ လုံးတို့ကိုလည်းကောင်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြရာ စီမံကိန်းလုပ်ငန်းများ ပြီးစီးပြီဖြစ်သဖြင့် စီမံကိန်းလုပ်ငန်းများအား ကျေးရွာလူထုထံသို့ လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း UN-HABITAT ထန်တလန်မြို့နယ် တာဝန်ခံ အင်ဂျင်နီယာထံမှ သိရသည်။

 

ထန်တလန် (ပြန်/ဆက်)