ထန်းတပင်မြို့နယ်၌ တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်း အခမဲ့ဖွင့်လှစ် 

ထန်းတပင်  ၁၆  မေ
    

ရန်ကုန်တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူး၍ ကျေးလက်နေပြည် သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆန်၊ ပဲ၊ ပြောင်း၊ ဂျုံနှင့် သီးနှံအခြေခံ တန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းကို မေ ၆ ရက်မှ  ၁၅ ရက်အထိ (၁၀) ရက်ကြာ ရန်ကုန် မြောက်ပိုင်းခရိုင် ထန်းတပင်မြို့နယ် အတွင်းသဲဖြူကျေးရွာရှိ  စုပေါင်းအားမာန်ရုံးတွင် အခမဲ့ ဖွင့်လှစ်ခဲ့သည်။
    

သင်တန်းတွင် ဆန်၊ ပဲ၊ ပြောင်း၊ ဂျုံနှင့် သီးနှံအခြေခံတန်ဖိုးမြှင့် စားသောက်ကုန် (၃၆)မျိုး တို့ကို စာတွေ့လက်တွေ့များဖြင့် ကျေးရွာအုပ်စုအတွင်းရှိ သင်တန်းသား သင်တန်းသူ ၂၀  တို့ကို သင်တန်းနည်းပြ ဆရာမ ဒေါ်တင်ချိုဝင်းနှင့် ဒေါ်ဝေဇင်အောင်တို့က လေ့ကျင့်သင်ကြားပေးခဲ့ပြီး စာတွေ့ ၃၀ ရာခိုင်နှုန်းနှင့် လက်တွေ့ (၇၀) ရာခိုင်နှုန်းတို့ဖြင့် လေ့ကျင့်သင်ကြားပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

1


    

ရန်ကုန်တိုင်းဒေသကြီး အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် တန်းဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းများကို ဌာနတွင်းသင်တန်းများအပြင် ကျေးရွာများ အရောက် ကွင်းဆင်းကာ ဖွင့်လှစ်သင်ကြားပို့ချဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ရန်ကုန်မြောက်ပိုင်းခရိုင် အတွင်း အင်းစိန်မြို့နယ်၊ ရွှေပြည်သာမြို့နယ်၊ လှိုင်သာယာမြို့နယ်၊ မင်္ဂလာဒုံမြို့နယ်နှင့် ယခု ထန်းတပင် မြို့နယ်တို့တွင် သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ဆင်းရဲမှုရာခိုင်နှုန်းလျော့ကျသွားစေ ရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် သင်တန်းများကို ဖွင့်လှစ်ဆောင်ရွက်ခဲ့ခြင်းဖြစ် ကြောင်း ရန်ကုန်တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးသိန်း ထံမှသိရသည်။
    

သင်တန်းဆင်းပွဲကို မေ ၁၅ ရက် နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်း ဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးသိန်း၊ မြို့နယ် အင်အားသစ် အသေးစား သမဝါယမအသင်းဥက္ကဌ ဦးစိုးရွှေနှင့် ကိုယ်အားကိုယ်ကိုး သမဝါယမအဖွဲ့များ ဖွံ့ဖြိုးတိုးတက်စေရေးအဖွဲ့မှ ဒေါ်စူဇီဖြိုးတို့က သင်တန်းသား၊ သင်တန်းသူ(၂၀)တို့ကိုသင်တန်းဆင်းဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြသည်။ 
    

“အစပိုင်းတုန်းကတော့ ဘာမှမသိပေမယ့်၊ အခုဒီသင်တန်းတက်ပြီးနောက်ပိုင်း အမြင်တွေလည်း ကျယ်သွားပြီ။ အသိတွေလည်းရှိသွားပြီ။ လုပ်ငန်းနဲ့ပတ်သက်ပြီးတော့လည်း ဘာမှမခက်ခဲဘူး ဆိုတာ သိသွားတယ်၊ တကယ်တမ်း နည်းပညာမသိတော့ ခက်ခဲတယ်၊ တန်းဖိုးလည်းမရှိဘူး။ အခုသိသွားပြီ ဆိုတော့ ဘာပဲဖြစ်ဖြစ် မန်ကျဉ်းသီးပဲဖြစ်ဖြစ်၊ သရက်သီးပဲဖြစ်ဖြစ် အလေ့အလွင့် မဖြစ်တော့ဘူး ဝင်ငွေရ တော့မယ်ဆိုတာ သိတဲ့အတွက်ကြောင့် အခု ကျွန်မတို့ကို ဆယ်ရက်တာ ကာလပတ်လုံး သင်ပေးတဲ့ ဆရာမတွေကိုလည်း ကျေးဇူးတင်ပါတယ်” ဟု သင်တန်းသူ ဒေါ်ဇင်မာဝင်းက ပြောသည်။
                                    

ဇင်မင်းထိုက်(ထန်းတပင်)      

 

1