ထရမ့်နဲ့ တာလီဘန်တို့၏ လက်ရှိဆက်ဆံရေး အခြေအနေ

ကလျာမိုးမြင့်

အမေရိကန်တပ်ဖွဲ့ဝင်တစ်ဦး တာလီဘန်တို့လက်ချက်နဲ့ သေဆုံးခဲ့ရပြီးနောက် အမျိုးသားရေးစိတ်ဓာတ်ပြင်းထန်တဲ့ သမ္မတထရမ့်က တာလီဘန်အဖွဲ့နဲ့ ပြုလုပ်မယ့် ဆွေးနွေးပွဲ မှန်သမျှကို ဖျက်သိမ်းလိုက်တာ အားလုံးသိရှိကြပြီးသား ဖြစ်ပါလိမ့်မယ်။ ဒီလိုရှိခဲ့ရာကနေ နိုဝင်ဘာ ၂၈ ရက်နေ့မှာတော့ သမ္မတထရမ့်က အမေရိကန်ဟာ တာလီဘန်စစ်သွေးကြွတွေနဲ့ ဆွေးနွေးပွဲတွေပြန်စနေပြီလို့ ဆိုလာတဲ့အတွက် ဘယ်လိုဖြစ်ရပြန်သလဲလို့ တွေးဆဖွယ် ဖြစ်လာပါတယ်။

အာဖဂန်ရောက်ရှိ

လတ်တလောမှာ ထရမ့်ဟာ အာဖဂန်ရှိ အမေရိကန်တပ်ဖွဲ့ဝင်တွေဆီကို ကြိုတင်အကြောင်းကြားခြင်းမရှိတဲ့ တဒင်္ဂခရီးစဉ်အနေနဲ့ ရောက်ရှိနေခဲ့ပြီး ကျေးဇူးတော်ချီးမွမ်းခြင်း အထိမ်းအမှတ် အားလပ်ရက်ကို တပ်ဖွဲ့ဝင်တွေနဲ့အတူတကွ ဆင်နွှဲဖို့ရောက်ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ကဘူးလ်မြို့ အပြင်ဘက် ဘာဂရမ် လေတပ်စခန်းဆီ ရောက်ရှိခဲ့တဲ့ခရီးစဉ်မှာ ထရမ့်ဟာ တပ်ဖွဲ့ဝင်တွေကို ကြက်ဆင်သားညစာနဲ့ တည်ခင်းကျွေးမွေးခဲ့ပြီး မှတ်တမ်းတင်ဓာတ်ပုံတွေ ရိုက်ကူးထားတဲ့ ပုံတွေကိုဖော်ပြခဲ့ပါတယ်။ အာဖဂန်သမ္မတ အက်ရှရက်ဖ်ဂါနီနဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့ပြီးတွေ့ဆုံအပြီးမှာ မိန့်ခွန်းပြောခဲ့ပါတယ်။

သဘောတူညီမှု

လက်ရှိမှာ တာလီဘန်စစ်သွေးကြွ အဖွဲ့နဲ့သဘောတူညီမှုတစ်ခု ပြုလုပ်ချင်နေပြီးကျွန်ုပ်တို့နဲ့ ဆွေးနွေးပွဲတွေ ပြုလုပ်နေတယ်။ ဒါက အပစ်အခတ်ရပ်စဲရေးသဘောတူညီမှုတစ်ခုလို့ ဆိုရဖွယ်ရှိတယ်လို့ ၎င်းက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်မှာ တိုက်ခိုက်မှု တစ်ခုဖြစ်ပွားပြီးနောက် အာဖဂန်ကို အမေရိကန်ကျူးကျော်လာခဲ့ပြီး ၁၈ နှစ်အကြာ အာဖဂန်မှာ ချထားတဲ့ အမေရိကန်တပ်ဖွဲ့ဝင် အရေအတွက်ဟာ ၁၃၀၀၀ ခန့်ကျန်ရှိနေပါ တယ်။

ထရမ့်ကတော့ တပ်ဖွဲ့ဝင်အရေအတွက်ကို လျှော့ချပြီး ၈၆၀၀ လောက်ပဲထားဖို့ စီစဉ်ထားတယ်လို့ ပြောကြားခဲ့ပြီး ဒီအရေအတွက်ထက် ပိုပြီးလျှော့ချချင်လည်း လျှော့ချသွားနိုင်တယ်လို့ ဆိုနေပါတယ်။ အသေးစိတ်တော့ ပြောကြားခြင်းမရှိပါဘူး။

အရှည်ကြာဆုံးစစ်ပွဲ

ကျေးဇူးတော်ချီးမွမ်းခြင်းကို အသန်မာဆုံး၊ အကောင်းဆုံး၊ အရဲရင့်ဆုံးစစ်သည်တော်တွေနဲ့ အတူတကွဆင်နွှဲဖို့ ဒီထက်ပိုကောင်းတဲ့နေရာ မရှိနိုင်တော့ဘူးလို့ အာဖဂန်ရောက်နေတဲ့ သမ္မတထရမ့်က တပ်ဖွဲ့ဝင်တွေကို ပြောခဲ့ပါတယ်။ တပ်ဖွဲ့ဝင်တွေနဲ့ ညစာစားဖို့ရှိနေစဉ်အတွင်း ထရမ့်က ၎င်းဟာကြက်ဆင်သားကို ပထမဆုံးအကြိမ် စပြီးစားမယ့်အချိန်မှာ လှမ်းခေါ်ခံရတာကြောင့် ကြက်ဆင်သားကို မြည်းတောင် မမြည်းခဲ့လိုက်ရဘူး။ အခုတော့ အာလူးထောင်းအစား အဲဒါကို အရင်စပြီး စားသင့်တယ်ထင်တယ်လို့ အရွှန်းဖောက်ခဲ့ပါတယ်။

ယခုနှစ် အစောပိုင်းမှာ အမေရိကန် ပြည်ထောင်စုဟာ အာဖဂန်နစ္စတန်မှာချထားတဲ့ အမေရိကန်တပ်ဖွဲ့ဝင်တွေကို ပြန်ရုပ်သိမ်းဖို့နဲ့ အမေရိကန်ရဲ့ အရှည်ကြာဆုံးစစ်ပွဲကို အဆုံးသတ်ဖို့ တာလီဘန်အဖွဲ့နဲ့ သဘောတူညီမှု တစ်ခုရရှိခဲ့ပြီးသား ဖြစ်ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းမှာပဲ သမ္မတထရမ့်က နှစ်ချီကြာမြင့်ခဲ့တဲ့ ဆွေးနွေးပွဲတွေ အသက်မဲ့သွားပြီဖြစ်ကြောင်းနဲ့ အမေရိကန်တပ်ဖွဲ့ဝင်တစ်ဦးကို တာလီဘန်တွေက သတ်ဖြတ်လိုက်တဲ့အတွက်ကြောင့် ဒီလူတွေကို တွေ့ဆုံဆွေးနွေးဖို့ အမေရိကန်ဆီ ဖိတ်ခေါ်ထားတာကို ပြန်ရုပ်သိမ်းတယ်ဆိုပြီး ကြေညာလိုက်ပါတယ်။

ခြေလှမ်းပြန်ဆုတ်

တစ်ဖက်နဲ့တစ်ဖက် အတော်လေးနီးကပ်လာနေတဲ့ အချိန်မှာပဲ ကျွန်ုပ်တို့ဘက်က ခြေလှမ်းပြန်ဆုတ်ခဲ့တယ်။ အမှန်တော့ ဒီလို နောက်မဆုတ်ချင်ခဲ့ဘူး၊ သူတို့ဘက်ကလွန်လာတဲ့အတွက် အခုလိုလုပ်ခဲ့ရခြင်းသာဖြစ်တယ်လို့ အာဖဂန်သမ္မတ ဂါနီနဲ့ တွေ့ဆုံမှုအတွင်းမှာ ထရမ့်က အမေရိကန်တပ်ဖွဲ့ဝင် သေဆုံးရမှုကို အကြောင်းပြုပြီး ယခုလိုထုတ်ဖော်ပြောကြားခဲ့ပါတယ်။

အဲဒီအချိန်ကစပြီး တာလီဘန်အဖွဲ့ကို ယခင်က တစ်ခါမှ မခံစားခဲ့ရဖူးလောက်တဲ့ ထိခိုက်မှုမျိုးဖြစ်အောင် လုပ်ခဲ့တယ်လို့ ထရမ့်ကဆိုပါတယ်။ စကားပြောဆိုဆွေးနွေးနိုင်ဖို့နဲ့ အပြီးသတ် ငြိမ်းချမ်းရေးသဘောတူညီမှုတစ်ခုအတွက် သံတမန်ရေးအရ ကြိုးပမ်းမှုတွေ ဆက်တိုက်ဆိုသလို လုပ်ဆောင်ခဲ့ပေမယ့်လည်း တာလီဘန်အဖွဲ့ဟာ အာဖဂန်အစိုးရနဲ့ တိုက်ရိုက်ဆွေးနွေးဖို့ကို တောက်လျှောက် ငြင်းဆန်လာခဲ့တာချည်းပါပဲ။

နိုင်ငံရေးအရဖြေရှင်းဖို့လို

အာဖဂန်မှာဖြစ်နေတဲ့ စစ်ပွဲကို စစ်မြေပြင်ပေါ်မှာ ဆုံးဖြတ်ချက်ချလို့ရမှာ မဟုတ်တဲ့အပြင် ဒီကိစ္စကို ဒေသအတွင်းမှာ ရှိတဲ့လူတွေကဆုံးဖြတ်တဲ့ နိုင်ငံရေးအရ ဖြေရှင်းမှုတစ်ရပ်မဖြစ်မနေ လိုအပ်လာလိမ့်မယ်လို့ သမ္မတ ထရမ့်က ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ထရမ့်ဟာ အမေရိကန်ရဲ့ အဆုံးမသတ်နိုင်တဲ့ စစ်ပွဲကနေ ရုန်းထွက်ဖို့ အခါအားလျော်စွာ အလေးအနက် ကြိုးပမ်းနေခဲ့ပြီး ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလမှာ ဒုတိယအကြိမ် သမ္မတသက်တမ်းအတွက် ယှဉ်ပြိုင်မယ့် ရွေးကောက်ပွဲမတိုင်ခင် အမေရိကန်တပ်ဖွဲ့ဝင် အများအပြားကို အာဖဂန်ကနေ ရုပ်သိမ်းဖို့ အတော်လေး စိတ်အားထက်သန်နေပါတယ်။ ဒီအချိန်မှာ အာဖဂန်နစ္စတန်ကတော့ အကြမ်းဖက်မှုတွေနဲ့လုံးလည်လိုက်နေတုန်းပါပဲ။

တာလီဘန်အကျဉ်းသားတွေကို ပြန်လွှတ်ပေး

အာဖဂန်ရှိအကြီးဆုံး အမေရိကန် စစ်အခြေစိုက်စခန်းဆီ ကြိုတင်အကြောင်းမကြားဘဲ ရောက်ရှိခဲ့မှုဟာ လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုကြောင့် တဒင်္ဂရောက်ရှိခဲ့ခြင်း ဖြစ်တယ်လို့လည်း သိရပါတယ်။ သမ္မတဂါနီကတော့ ပြီးခဲ့တဲ့နှစ်တွေမှာ ငြိမ်းချမ်းမှုတွေရှိအောင်နဲ့ အမေရိကန်ရဲ့ လုံခြုံရေးကိုရော အာဖဂန်ရဲ့ လုံခြုံရေးကိုပါ ခိုင်မာသေချာစေအောင် ကြိုးပမ်းခဲ့မှုအတွက် သမ္မတထရမ့်ကို ကျေးဇူး တင်လျက်ရှိပါတယ်။ 

ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းမှာ တာလီဘန်တွေဟာ ဖမ်းဆီးထားတဲ့ ဓားစာခံနှစ်ဦးကို ပြန်လွှတ်ပေးခဲ့ပါတယ်။ ဓားစာခံ နှစ်ဦးဟာ အမေရိကန်နိုင်ငံသားနဲ့ ဩစတြေးလျ နိုင်ငံသားတို့ဖြစ်ပြီး တာလီဘန်အဖွဲ့ရဲ့ ဩဇာရှိသူတွေထဲကဖြစ်တဲ့ အကျဉ်းသားသုံးဦးနဲ့ အကျဉ်းသားချင်းလဲလှယ်တဲ့အနေနဲ့ ပြန်လွှတ်ပေးခဲ့ခြင်း ဖြစ်ပါတယ်။ တာလီဘန်အဖွဲ့က အကျဉ်းသားတွေကို ပြန်လွှတ်ပေးလိုက်တဲ့အတွက် အာဖဂန်အမျိုးသမီးတွေ မကျေမနပ် ဆန္ဒပြခဲ့ကြပေမယ့် အစိုးရက ဒီကိစ္စကို ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ အောင်မြင်စေမယ့် အထောက်အကူပြု လုပ်ဆောင်ချက် တစ်ခုအဖြစ် ဖော်ပြခဲ့ပါတယ်။

မပြေလည်တဲ့ ဆက်ဆံရေး

ဝါရှင်တန်ရဲ့ အခြေအနေကိုပြန်ကြည့်မယ် ဆိုရင်တော့ အမေရိကန် စစ်ဘက်အကြီးအကဲတွေနဲ့ သမ္မတထရမ့်ရဲ့ ဆက်ဆံရေးဟာ မပြေမလည်ဖြစ်နေပြီး သမ္မတထရမ့်ဟာ တပ်မတော်ရဲ့ အရေးကြီးတဲ့ စည်းကမ်းပိုင်းဆိုင်ရာကိစ္စတွေမှာ မကြာခဏဆိုသလို ဝင်စွက်ဖက်နေတယ် ဆိုပြီး လူပြောသူပြောများနေပါတယ်။

အာဖဂန်ကို တိတ်တဆိတ်သွားခဲ့တဲ့ ၁၃ နာရီကြာ လေယာဉ်ခရီးစဉ် မလိုက်ပါမီမှာ သမ္မတထရမ့်ဟာ ကျေးဇူးတော်ချီးမွမ်းပွဲကိုဖလော်ရီဒါမှာရှိတဲ့ ၎င်းရဲ့ မာအေလာဂို ရိပ်သာမှာ ဆင်နွှဲဖို့နဲ့ ပြည်ပမှာချထားတဲ့ အမေရိကန်တပ်ဖွဲ့ဝင်တွေနဲ့ တိုက်ရိုက်ရုပ်မြင်သံကြား ဆက်သွယ်ခေါ်ဆိုမှုပြုလုပ်ဖို့ တွေးထားခဲ့တယ်လို့ သိရပါတယ်။

ကိုးကား - အေအက်ဖ်ပီ