ထရမ့်ထောက်ခံသူတွေရဲ့ ကွန်ဂရက် အဆောက်အအုံ စီးနင်းမှု နောက်ဆက်တွဲ အကျိုးဆက်အဖြစ် ဝန်ကြီးနှစ်ဦး နုတ်ထွက်

နယူးယောက်၊  ၈ ဇန်နဝါရီ

 

 

အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့ရှိ ကွန်ဂရက် အဆောက်အအုံကို သမ္မတ ဒေါ်နယ်ထရမ့် ထောက်ခံကြသူတွေက ဝင်ရောက် စီးနင်းမှုတွေ လုပ်ခဲ့တဲ့အတွက် အစိုးရအဖွဲ့မှ ဝန်ကြီးနှစ်ဦး ကြာသပတေးနေ့မှာ နုတ်ထွက်ခဲ့ပါတယ်။

 

 

ထရမ့်အစိုးရရဲ့ အမျိုးသမီး ဝန်ကြီး နှစ်ဦးဖြစ်တဲ့ ပညာရေးဝန်ကြီးနဲ့ သယ်ယူပို့ဆောင်ရေး ဝန်ကြီးတို့က ကွန်ဂရက်အဆောက်အအုံအား ဝင်ရောက်စီးနင်းမှုကို လက်မခံနိုင်တဲ့အတွက် နုတ်ထွက်ခဲ့ကြတာဖြစ်ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာ ဂျိုးဘိုင်ဒင် အနိုင်ရရှိခဲ့တဲ့အတွက် ကွန်ဂရက် အဆောက်အအုံမှာ ဇန်နဝါရီ ၆ ရက်နေ့က ကြေညာဖို့ ပြင်ဆင်ထားချိန်အတွင်း သမ္မတထရမ့် ထောက်ခံသူတွေက ကွန်ဂရက် အဆောက်အအုံကို ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

 

 

ပညာရေးဝန်ကြီး ဘတ်စီ ဒီဗို့စ် က “ကလေးငယ်တွေက ကွန်ဂရက်အဆောက်အအုံက အဖြစ်အပျက်ကို ကြည့်နေကြပါတယ်။ သူတို့က လေ့လာသင်ယူနေသူတွေဖြစ်တယ်။ အမေရိကန်ဆိုတာ မနေ့က ဖြစ်ခဲ့တဲ့ အဖြစ်အပျက်ထက် ကြီးကျယ်တဲ့ အရာဆိုတဲ့အကြောင်း သူတို့ သိနေရမယ်” လို့ သတင်းစကားပါးပြီး သမ္မတ ထရမ့်ထံ နုတ်ထွက်စာ ရေးသားခဲ့ပါတယ်။

 

 

အလားတူ သယ်ယူပို့ဆောင်ရေးဝန်ကြီး အယ်လိန်းချအို ကလည်း  ကွန်ဂရက် အဆောက်အအုံကို ဝင်ရောက်စီးနင်းမှုမျိုး မဖြစ်အောင် ရှောင်ရှားလို့ရနိုင်ပေမယ့် သမ္မတက မိန့်ခွန်းပြောကြားပြီး ကွန်ဂရက်အဆောက်အအုံကို စီးနင်းမှု ဖြစ်ခဲ့တယ်။  အခုလို အခြေအနေမျိုးမှာ ဘေးထွက်နေလို့ မရတဲ့အတွက် နုတ်ထွက်ကြောင်း ပြောဆိုခဲ့ပါတယ်။

 

 

သယ်ယူပို့ဆောင်ရေးဝန်ကြီးဟာ သမ္မတ ထရမ့် နဲ့ ရင်းနှီးသူ ရီပတ်ဘလစ်ကန် ပါတီဝင် အထက်လွှတ်တော်ရဲ့ လူများစုခေါင်းဆောင် မစ်ချ် မက်ကောနယ်နဲ့ လက်ထပ်ထားသူဖြစ်ပါတယ်။

 

 

ဝန်ကြီးနှစ်ဦးအပြင် မြောက်အိုင်ယာလန်ဆိုင်ရာ အမေရိကန် သံအမတ်ကလည်း သံအမတ်အဖြစ်ကနေ ကြာသပတေးမှာ နုတ်ထွက်ခဲ့ပါတယ်။

 

 

MDN

ကိုးကား - AFP

mdn