ထူးခြားမိုးလေဝသအခြေအနေ

နေပြည်တော် ၂၉ သြဂုတ်

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့ ည ၇ နာရီတွင်  ထူးခြားမိုးလေဝသအခြေအနေသတင်းကို ထုတ်ပြန်ထားသည်။

တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော အပူပိုင်းမုန်တိုင်း“ပိုဒူး”(Podul)သည် ဗီယက်နမ်နိုင်ငံ၊ ဒါနန်းမြို့(Danang)၏ အရှေ့မြောက်ဘက် မိုင်(၁၁၀)ခန့်အကွာ ပင်လယ်ပြင်ကို ဗဟို ပြုနေပြီး အဆိုပါ အပူပိုင်းမုန်တိုင်း “ပိုဒူး”(Podul)သည် အနောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး နောက်(၂၄)နာရီအတွင်း ဗီယက်နမ်နိုင်ငံမြောက်ပိုင်းကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်မည်ဟု ခန့်မှန်းထားသည်ဟု ညနေ ၆ နာရီခွဲ အချိန်တိုင်းထွာချက်အရ သိရသည်။

အဆိုပါ အပူပိုင်းမုန်တိုင်းသည် ဗီယက်နမ်နိုင်ငံမြောက်ပိုင်းကမ်းခြေကို ဖြတ်ကျော်ဝင် ရောက်ပြီးနောက် အနောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ တဖြည်းဖြည်း အားလျော့သွားနိုင်ကြောင်း၊ သို့ပါ၍ မုန်တိုင်းအကြွင်းအကျန်တိမ်တိုက်များနှင့် လေပွေလှိုင်းများ၏ အရှိန်ကြောင့် ဩဂုတ်လ (၃၁)ရက်မှ စက်တင်ဘာလ (၃)ရက်နေ့အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာပြီး၊ ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးခြင်းများနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ် နိုင်သည်။

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုး သက်လေပြင်းများ ကျရောက်ပြီး၊ လှိုင်းကြီးနိုင်သည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/ မြေပြင်လေသည် တစ်နာရီလျှင် (၃၅)မိုင်မှ မိုင်(၄၀)အထိ တိုက်ခတ်နိုင်သည်။ လှိုင်း အမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၉)ပေ မှ (၁၂)ပေခန့် ရှိနိုင်သည်။

ထို့ကြောင့် လေပြင်းတိုက်ခတ်ခြင်းနှင့်အတူ မိုးသည်းထန်စွာ ရွာသွန်းခြင်းတို့ကြောင့် လျှပ်တစ်ပြက်ရေကြီးခြင်း၊ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်ကိုလည်းကောင်း၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများဖြစ်ပေါ်နိုင်သောကြောင့် ကြိုတင်သတိပြုနေထိုင်ကြပါရန် မိုးဇလမှ အသိပေးနှိုးဆော်ထားသည်။

MDN