တာချီလိတ် နယ်စပ်ဝင်ပေါက်မှတစ်ဆင့် နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွား ဧည့်သည်များ ဝင်/ထွက် လည်ပတ်လျက်ရှိ

နေပြည်တော် ၂ ဖေဖော်ဝါရီ

 

နိုင်ငံခြားသား ကမ္ဘာလှည့် ခရီးသွားဧည့်သည်များသည် မြန်မာနိုင်ငံ၏ ရေမြေတောတောင် သဘာဝအလှများ၊ ခရီးသွားဆွဲဆောင်သည့်နေရာများ၊ တိုင်းရင်းသားတို့၏ မတူကွဲပြားသည့် ရိုးရာယဉ်ကျေးမှု ဓလေ့စရိုက်များ၊ လူနေမှုဘဝပုံစံများကို ကြည့်ရှုလေ့လာ သိမြင်ခံစားနိုင်ရန်အတွက် အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်များနှင့် နယ်စပ်ဝင်ပေါက်များမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ ဝင်/ထွက်သွားလာ လည်ပတ်လျက်ရှိသည်။

 

 

၂၀၁၈ ခုနှစ် ဇန်နဝါရီ ၂၆ ရက်မှ ဖေဖော်ဝါရီ (၁) ရက်အထိ တာချီလိတ်နယ်စပ် ဝင်/ထွက် ပေါက်မှတစ်ဆင့် နေ့ချင်းပြန်ခရီးစဉ် လာရောက်လည်ပတ်ကြသည့် နိုင်ငံခြားသား ခရီးသွားဧည့်သည် (၁၈၉)ဦး၊ မိုင်းဖြတ်၊ ကျိုင်းတုံခရီးစဉ် အနေဖြင့် ထိုင်းနိုင်ငံသားနှင့် တတိယနိုင်ငံသားအများစု ပါဝင်သော နိုင်ငံခြားသားခရီးသွား ဧည့်သည် (၄၀၉)ဦး၊ ဗီဇာဖြင့် လာရောက်လည်ပတ်ကြသည့် ထိုင်းနိုင်ငံသားနှင့် တတိယနိုင်ငံသား အများစုပါဝင်သော နိုင်ငံခြားသားခရီးသွားဧည့်သည် (၁၂၉)ဦးရှိကြောင်း သိရသည်။

 

နေ့ချင်းပြန်ခရီးစဉ် လာရောက်လည်ပတ်ကြသော ခရီးသွားဧည့်သည် အများစုသည် တာချီလိတ်မြို့ရှိ အထင်ကရ နေရာများဖြစ်သော တာလော့ဈေး၊ ဘုရင့်နောင်ရုပ်တု၊ မဟာမြတ်မုနိဘုရားကြီး၊ ရွှေတိဂုံစေ တီတော်၊ တိုင်းရင်းသားကျေးရွာ၊ အာခါဈေး၊ တရုတ်ဘုံကျောင်းများသို့ သွားရောက် လည်ပတ်ကြပါသည်။

 

ညအိပ်ခရီးစဉ် လာရောက်လည်ပတ်ကြသည့် နိုင်ငံခြားသား ခရီးသွားဧည့်သည်များသည် မိုင်းဖြတ်မြို့ရှိ မြတ်စွာဘုရား ခြေတော်ရာစေတီ၊ ကျိုင်းတုံမြို့ရှိ မဟာမြတ်မုနိ၊ ဟိုခိုကျောင်း၊ ဝတ်အင်းကျောင်း၊ စွန်တောင်စေတီ၊ ကျော့မ်ဆရီစေတီ၊ ရမ်ကုန်းကျောင်း၊ ပါလျန်ကျောင်း၊ ရပ်တော်မူ၊ သစ်တစ်ပင်တောင်၊ ကမ္ဘာအေးစေတီ စသည့် အထင်ကရနေရာများသို့ သွားရောက်လည်ပတ်ကြသည်။

 

တာချီလိတ် နယ်စပ်ဝင်ပေါက်မှတစ်ဆင့် ဝင်ရောက်သည့် နိုင်ငံခြားခရီးသွားဧည့်သည် အရေအတွက်မှာ ၂၀၁၇ ခုနှစ် ဧပြီ (၁) ရက်မှ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ (၁) ရက်အထိ နေ့ချင်းပြန်ခရီးသည် စုစုပေါင်းမှာ ၈၀၅၂၅၅ ဦးဖြစ်ပြီး မိုင်းဖြတ်၊ ကျိုင်းတုံခရီးစဉ်အနေဖြင့် ခရီးသည် စုစုပေါင်း ၁၃၆၄၆ ဦးနှင့် ဗီဇာဖြင့် တာချိတ်လိတ်မှတစ်ဆင့် လေယာဉ်ခရီးစဉ်ဖြင့် ပြည်တွင်းသို့ ဝင်ရောက်လည်ပတ်သည့် ခရီးသည် စုစုပေါင်း ၆၃၀၄ ဦးတို့ ဝင်ရောက်လည်ပတ်ခဲ့ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရသည်။

 

MDN