နေပြည်တော် မတ် ၂၂
နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်၏ဂုဏ်သိက္ခာကို ထိခိုက်ကျဆင်းစေပြီး လူသားမျိုးနွယ်တစ်ခုလုံးကို လူညွန့်တုံးပျက်စီးစေသည့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့် တားဆီးနှိမ်နင်းရေးလုပ်ငန်းများကို နိုင်ငံအတွင်းရှိ ရနိုင်သမျှသော စွမ်းအားစု၊ အရင်းအမြစ်များ အသုံးပြုပြီး ပြည်သူလူထုနှင့်ပူးပေါင်း၍ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသည့်အပြင် ဒေသတွင်းနှင့် နိုင်ငံတကာ အဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၂ နာရီ ၃၅ မိနစ်ခန့်တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက် မယ်ဆိုင်ချောင်းဘေးရှိ မြေထိန်းနံရံ တည်ဆောက်နေသည့်နေရာ၌ မသင်္ကာဖွယ်ရာလူတစ်စုက အနက်ရောင်အိတ်များအား မြေထိန်းနံရံကိုကျော်၍ ကြိုးဖြင့်ချိတ်ဆွဲချကာ မယ်ဆိုင်ချောင်းကိုဖြတ်၍ ထိုင်းနိုင်ငံဘက်သို့ပို့ရန် ဆောင်ရွက်နေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရှာဖွေရာ စိုင်းမောင်ဝမ်း (ခ) ဝမ်းဝမ်းနှင့်အတူ အိတ်အနက်ရောင်ဖြင့် တစ်ထပ်၊ ဆာလာအိတ် အစင်းကျားဖြင့် တစ်ထပ်၊ Golden Leaf စာတန်းပါ ရွှေအိုရောင်/ အဖြူရောင်/ ခဲရောင်အိတ်များဖြင့် တစ်ထပ်၊ ၉၉၉ ပလတ်စတစ် အကြည်ရောင်ဖြင့် တစ်ထပ် ထုပ်ပိုးထားသည့် အိတ်တစ်လုံးလျှင် အထုပ် ၂၀ နှုန်းဖြင့် အိုက်စ် ၂၀ ကီလိုဂရမ်ခန့်ပါ အိတ် ၁၃ လုံး အတွင်းမှ အိုက်စ် ၂၆၀ ကီလိုဂရမ်ခန့် (ခန့်မှန်းငွေကျပ် ၂ ဒသမ ၀၈ ဘီလီယံခန့်) တန်ဖိုးရှိ မူးယစ်ဆေးဝါးအိုက်စ်များကို သိမ်းဆည်းရမိခဲ့သည်။
သို့ဖြစ်၍ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိတရားခံအား ဥပဒေအရ ထိရောက်စွာအရေးယူနိုင်ရေး သက်ဆိုင်ရာ နယ်မြေရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံပြီး အမှုဖွင့်ဆောင်ရွက်ထားရှိကာ ဆက်စပ်တရားခံများကို ဖော်ထုတ်ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်းနှင့် မူးယစ်ဆေးဝါး သယ်ဆောင်သည့် သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာ သတင်းပေး တိုင်ကြားနိုင်ပါကြောင်း၊ သတင်းပေးသူနှင့် ပူးပေါင်းပါဝင်ဖမ်းဆီးပေးသူများကို ထိုက်တန်စွာ လျှို့ဝှက်၍ ဆုငွေများ ချီးမြှင့်ပေးမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


