တာချီလိတ်မြို့၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အကြို စာအုပ်စျေးရောင်းပွဲတော်ကျင်းပ

တာချီလိတ် ဇန်နဝါရီ ၂၄ 

 

လာမည့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အကြို အထိမ်းအမှတ်အဖြစ် တာချီလိတ်မြို့ စာရေးဆရာအသင်းနှင့် ဘကြီးအောင်စာပေတို့ ပူးပေါင်း၍ ရသစုံလင် စာအုပ်စျေးရောင်းပွဲတော်အား ယနေ့နံနက်ပိုင်းက တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမကြီးဘေးတွင် ပြုလုပ်ခဲ့သည်။

 

အဆိုပါစာအုပ်စျေးရောင်းပွဲတော်တွင် ကျောင်းသားလူငယ်များအတွက် အင်္ဂလိပ်- မြန်မာ၊ တရုတ်-မြန်မာ၊ ဂျပန်-မြန်မာ  စသည့် ဘာသာပြန် အဘိဓာန်စာအုပ်များ၊ လူငယ်ရေးရာ ဗဟုသုတစာအုပ်များ၊ ဥပဒေအကြောင်း သိကောင်းစရာ စာအုပ်များ၊ တရားရေးဆိုင်ရာစာအုပ်များ၊ ဂျာနယ်၊ ရုပ်စုံနှင့် နာမည်ကျော် စာရေးဆရာများ၏ စာအုပ်များ ပါဝင်ပြီး ဇန်နဝါရီ ၂၄ ရက်မှ ဖေဖော်ဝါရီ ၃ ရက်နေ့အထိ၊ နေ့စဉ်နံနက်(၇)  နာရီမှ ည(၈)နာရီအထိ အထူးစျေးနှုန်းများဖြင့် ရောင်းချပေးမည်ဖြစ်သည်။

 

အဆိုပါ စာအုပ်စျေးရောင်းပွဲတော်သို့ တာချီလိတ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့် အဖွဲ့ဝင်များ၊  စာပေဝါသနာရှင်များ လာရောက်ကြည့်ရှု ဝယ်ယူအားပေးခဲ့ကြောင်း သိရသည်။

 

အေးအေးလတ်(ခရိုင်ပြန်/ဆက်)