နေပြည်တော် မတ် ၂၁ 

 

မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူ၍ နိုင်ငံတစ်ဝန်း မူးယစ်ဆေးဝါးထုတ်လုပ်မှုနှင့် တရားမဝင် ရောင်းဝယ်မှု တားဆီးကာကွယ် နှိမ်နင်းရေးလုပ်ငန်းများကို အင်တိုက်အားတိုက် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသည်။ 

 

ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၉ နာရီခန့်တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက် ပိတောက်လမ်း မြလင်းပွင့်မိုတယ်အနီး၌ မသင်္ကာဖွယ် ယာဉ်သုံးစီး ရပ်တန့်ထားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးရှာဖွေရာ Toyota Fortuners အမျိုးအစား (လိုင်စင်မဲ့) အဖြူရောင်ယာဉ်ပေါ်မှ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြားများ ထည့်ထားသည့် ဆာလာအိတ် အလုံး ၃၀ (ဆာလာအိတ် တစ်လုံးလျှင် နှစ်သိန်းပြားပါ) စိတ်ကြွရူးသွပ်ဆေးပြား သိန်း ၆၀၊ Toyota Hilux Single Cub အမျိုးအစား (လိုင်းစင်မဲ့) ခဲရောင်ယာဉ်ပေါ်မှ WY စာတန်းပါ စိတ်ကြွရူးသွပ် ဆေးပြားများ ထည့်ထားသည့် ဆာလာအိတ် ၃၇ လုံး (ဆာလာအိတ် တစ်လုံးလျှင် နှစ်သိန်းပြားပါ) စိတ်ကြွရူးသွပ်ဆေးပြား ၇၄ သိန်းနှင့် Ford အမျိုးအစား (လိုင်စင်မဲ့) အဖြူရောင်ယာဉ်ပေါ်မှ WY စာတန်းပါ စိတ်ကြွရူးသွပ် ဆေးပြားများ ထည့်ထားသည့် ဆာလာအိတ် ၂၂ လုံး (ဆာလာအိတ် တစ်လုံးလျှင် နှစ်သိန်းပြား ပါ) စိတ်ကြွရူးသွပ်ဆေးပြား ၄၄ သိန်း စုစုပေါင်း WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၁၇၈ သိန်း (ခန့်မှန်းငွေကျပ် ၈ ဒသမ ၉ ဘီလီယံကျော်တန်ဖိုးရှိ) မူးယစ်ဆေးဝါးများကို ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့သည်။

 

ဆက်လက်ရှာဖွေလျက်ရှိ 

 

အဆိုပါ သိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြားများနှင့် ယာဉ်များကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းနှင့် တရားခံများအား ဖမ်းဆီးရမိရေး ပူးပေါင်းအဖွဲ့ဖြင့် ဆက်လက်ရှာဖွေလျက်ရှိကြောင်း သိရသည်။

 

သတင်းစဉ်