နေပြည်တော် မတ် ၂၄
နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်၏ဂုဏ်သိက္ခာကို ထိခိုက်ကျဆင်းစေပြီး လူသားမျိုးနွယ်တစ်ခုလုံးကို လူညွန့်တုံးပျက်စီးစေသည့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့် တားဆီးနှိမ်နင်းရေးလုပ်ငန်းများကို နိုင်ငံအတွင်းရှိ ရနိုင်သမျှသော စွမ်းအားစု၊ အရင်းအမြစ်များ အသုံးပြုပြီး ပြည်သူလူထုနှင့် ပူးပေါင်း၍ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသည့်အပြင် ဒေသတွင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ယနေ့ မွန်းလွဲ ၃ နာရီခန့်တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့၏ အနောက်မြောက်ဘက် မီတာ ၂၈၅၀၀ ခန့်အကွာ မိုင်းဟဲ (အောက်) ကျေးရွာအုပ်စု ကော့ရားကျေးရွာ၏ အနောက်မြောက်ဘက် မီတာ ၂၀၀၀ ခန့်အကွာသို့ အရောက်၌ မသင်္ကာဖွယ်တဲများအား တွေ့ရှိသဖြင့် ဝင်ရောက်ရှာဖွေစစ်ဆေးရာ အလျား ပေ ၁၀၀၊ အနံ ပေ ၃၀ ရှိ မူးယစ်ဆေးဝါးချက်လုပ်/ ထုပ်ပိုးသည့် မိုးကာတဲကြီးနှစ်လုံး၊ အလျား ပေ ၅၀၊ အနံ ပေ ၃၀ ရှိ ထမင်းစာဆောင် မိုးကာတဲ တစ်လုံးနှင့် လူနေမိုးကာတဲ တစ်လုံး၊ ၁၀ ပေပတ်လည် လူနေမိုးကာတဲ သုံးလုံး၊ အလျား ၁၀ ပေ အနံ ၁၅ ပေရှိ မိုးကာတဲ သုံးလုံးတို့ကို တွေ့ရှိရပြီး ၎င်းတို့အတွင်းမှ မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းများဖြစ်သော ၁၉ လုံးကျ ရိုက်စက်နှင့် အင်ဂျင်အသေးတွဲလျက်ပါ လေးလုံး၊ WY စိတ်ကြွရူးသွပ်ဆေးပြား ၆၉ သိန်း၊ စိတ်ကြွရူးသွပ် ဆေးပြားအကြေ ၂၀ ကီလိုဂရမ် ပါ ခြောက်အိတ်၊ ပန်းရောင်စိတ်ကြွ ဆေးမှုန့် ၂၀ ကီလိုဂရမ်ပါ ၁၅ အိတ်၊ အိုက်စ် တစ်ကီလိုဂရမ်ပါ ၄၉ ထုပ်၊ ကဖင်း ၁၅ ကီလိုဂရမ်ပါ ၄၆ အိတ်၊ ကဖင်း ၂၀ ကီလိုဂရမ် ပါ အိတ် ၇၀ ၊ အခြောက်ခံစတီးဗန်း ၁၆ ဗန်း၊ မူးယစ်ဆေးဝါးမွှေစက်နှင့် အင်ဂျင်အသေးတွဲလျက်ပါ တစ်လုံး၊ ဂက်စ်အိုး ၃၂ လုံး၊ မီးစက် အကြီး တစ်လုံး၊ မျောက်ခေါင်းတံဆိပ်အနံ့ဆေးရည်အလုံး ၂၀ ပါ ၁၂ ဖာ၊ Promethazine တံဆိပ်ပါ ချောင်းဆိုး ပျောက်ဆေးအလုံး ၂၅၀၊ ဗင်နီလင်း ၄၀ ကီလိုဂရမ်ပါ လေးအိတ်၊ ကြယ်တံဆိပ် Food Colour ဘူးသေး ၅၀၊ ကီလိုချိန်စက်အကြီး နှစ်ခု၊ စိတ်ကြွဆေးပြားများထည့်သည့် ပလတ်စတစ်ကပ်ခွာ အိတ်ငယ်ပါ ဆာလာအိတ်သုံးအိတ်၊ မှိုင်းကိုင် စက္ကူပါဆာလာအိတ် သုံးအိတ်၊ ဆေးပြားရိုက်မှိုတံဆိပ် မပါ ၂၀၃ ချောင်း၊ WY တံဆိပ်ပါဆေးပြား ရိုက်မှို ၂၀၄ ချောင်းနှင့် Starlink Gen 3 တစ်လုံးတို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
ဆောင်ရွက်သွားမည်
အဆိုပါ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀ ဒသမ ၂ ဘီလီယံခန့်) နှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကို ပညာရှင်များပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် အသေးစိတ် ဆက်လက်စစ်ဆေး၍ သက်ဆိုင်ရာ ဌာနများသို့ လွှဲပြောင်းအပ်နှံခြင်း၊ စနစ်တကျ မီးရှို့ဖောက်ခွဲ ဖျက်ဆီးခြင်းများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး အဆိုပါဒေသတစ်ဝိုက်ကိုလည်း မသင်္ကာဖွယ်မူးယစ်ဆေးဝါး ချက်လုပ်သည့် နေရာများရှိနိုင်သေးသဖြင့် နယ်မြေဖော်ထုတ် ရှင်းလင်းခြင်းများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


