တာချီလိတ်မြို့နယ်၌ ငွေကျပ် ၂ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး(Happy Water) ၁၈ ဒသမ ၅၁ ကီလို ဖမ်းဆီးရမိ

နေပြည်တော် စက်တင်ဘာ ၂၂

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်တွင် ငွေကျပ် ၂ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး(Happy Water) ၁၈ ဒသမ ၅၁ ကီလို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာ ၁၅ ရက် ညနေ ၅ နာရီက ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်တွင် သန်းစိန်(ခ)အားဝေ မောင်းနှင်ပြီး အောင်ကျော်ဦး (ခ) အယောင်း လိုက်ပါလာသည့် Toyota Hilux Revo မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ပြောင်းဆေးဝါး(Happy Water) ၁၄ ဒသမ ၉၁ ကီလို  သိမ်းဆည်းရမိခဲ့ပြီး သတင်းကွင်းဆက်အရ ယင်းနေ့ ည ၇ နာရီခွဲတွင် ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့နယ်၊ ဆွတ်ဆိုင်ကျေးရွာတွင် စိုင်းစမ်ငင်း၊ စိုင်းကျန်နှင့် ဆီနွန်းတို့ သုံးဦးအား မော်တော်ဆိုင်ကယ် နှစ်စီး၊ စိတ်ပြောင်းဆေးဝါး(Happy Water) ၃ ဒသမ ၆ ကီလိုနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့၍ စုစုပေါင်း ဒေသကာလ တန်ဖိုးငွေကျပ် ၂ ဘီလီယံကျော် တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး(Happy Water) ၁၈ ဒသမ ၅၁ ကီလို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်းနှင့် အလားတူ လူငယ်များအား အန္တရာယ်ဖြစ်စေမည့်  စိတ်ပြောင်းဆေးဝါး(Happy Water)များ ဖြန့်ဖြူးရောင်းချခြင်းများကို ထိရောက်စွာ ဟန့်တားနိုင်ရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့က အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

သတင်းစဉ်