တာချီလိတ်မြို့ရှိ ရွှေတိဂုံစေတီတော် လုံးတော်ပြည့်ရွှေသင်္ကန်း ကပ်လှူပူဇော်နိုင်ရေး ဒုတိယအကြိမ် အလှူတော်ငွေပေးအပ်

တာချီလိတ်  ဇွန် ၁၅

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၏ ကျက်သရေဂုဏ်ဆောင် ဆုတောင်းပြည့် ရွှေတိဂုံစေတီတော် မြတ်ကြီးအား လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်လျက်ရှိရာ (ဒုတိယ)အကြိမ် အလှူတော်ငွေပေးအပ် လှူဒါန်းပွဲကို ဇွန် ၁၅ ရက် နံနက် ၁၀ နာရီက ရွှေတိဂုံစေတီတော်ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။

 

အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး မဟာဂန္ဓာရုံရွှေစေတီကျောင်း တိုက်ဆရာတော် ဘဒ္ဒန္တမန္ဓလ အရှင်သူမြတ်ထံမှ ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ခြင်းနှင့် ဩဝါဒခံယူကာ ဆရာတော်သံဃာတော်များ ရွတ်ပွားသရဇ္ဈာယ်သော မေတ္တာသုတ်ပရိတ်တရားတော်များ နာယူကြည်ညို၍ ဆရာတော်သံဃာတော် အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းသည်။

 

ထို့နောက် ရွှေတိဂုံစေတီတော်မြတ်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်း ကပ်လှူပူဇော်နိုင်ရေးအတွက် အလှူငွေများ လှူဒါန်းပေးကြသော အလှူရှင်များအား စစ်ဗျူဟာအဖွဲ့(အခြေချ) တာချီလိတ်မှ ဗျူဟာမှူး ဗိုလ်မှူးကြီး သူရဇော်လွင်စိုး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းကိုနှင့် တာဝန်ရှိသူတို့က ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ပြီး နဂါးနှစ်ကောင်ကျောင်းတိုက်ဆရာတော် မဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တသုဓမ္မ (သာသနတက္ကသီလဓမ္မာစရိယ B.A Buddhism, M.A သီရိလင်္ကာ)အရှင်သူမြတ်ထံမှ အနုမောဒနာ တရားနာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကာ ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားရုပ်သိမ်းခဲ့သည်။

 

အဆိုပါ ရွှေတိဂုံတိဂုံစေတီတော်မြတ်ကြီးအား လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူရန်အတွက် ရွှေဆိုင်းပေါင်း ၁၂၇၂၄ ဆိုင်းခန့် ကုန်ကျမည်ဖြစ်ကြောင်း၊ ပထမအကြိမ် လှူဒါန်းပွဲတွင် အလှူရှင် ၅၅ ဦးက လှူဒါန်းငွေကျပ် ၃၉၇၈,၇၂၉၃၂ နှင့် ထိုင်းဘတ်ငွေ ၁၀၀၀၀ ဘတ်၊ ယခု ဒုတိယအကြိမ် လှူဒါန်းပွဲတွင် အလှူရှင် ၃၇ ဦးက လှူဒါန်းငွေကျပ် ၂၁၆၂,၇၃၂၀၀ လှူဒါန်းရရှိကြောင်း သိရသည်။

သန်းဇော်(တာချီလိတ်)