မောင်ခင်မင် (ဓနုဖြူ)
“သမီး ပူပူနွေးနွေးကြုံခဲ့ရတဲ့ကိစ္စတစ်ခု ဘဘကို ပြောပြချင်ပါတယ်”
“ပြောလေသမီး၊ ဘာကိစ္စပါလိမ့်”
“သမီးတာဝန်ကျလို့ ဆယ်တန်းမြန်မာစာ ဆရာ ဆရာမတွေရဲ့ သင်ကြားရေးဆွေးနွေးပွဲတစ်ခုကို သွားဆွေးနွေးရပါတယ် ဘဘ”
“ဟုတ်ပါပြီ”
“အဲဒီမှာ မြန်မာစာပြဋ္ဌာန်းစာအုပ်ထဲက ကဗျာတစ်ပုဒ်အကြောင်း ဆွေးနွေးရပါတယ်။ ကဗျာက ဝန်ကြီးပဒေသရာဇာရဲ့ လယ်သမားဘွဲ့ တျာချင်းပါ ဘဘ”
“အဲဒီတော့...သမီးက လယ်သမားဘွဲ့ ‘တျာချင်း’ အကြောင်း ဆွေးနွေးပါမယ်လို့ ပြောရုံရှိသေး ဆွေးနွေး ပွဲတက်တဲ့ ဆရာမတွေ တော်တော်များများက ဟာ...အသံထွက်မှားနေပြီ’ ဆိုပြီး သမီးကို ဝိုင်းရယ်ကြပါ တယ်”
“သြော်”
“သမီးက ‘ဘယ်ဟာမှားလို့လဲ’ လို့မေးတော့ သူတို့က ဘာပြောသလဲဆိုရင် ဆရာမလေးက ‘တြာချင်း’ ကို ‘တျာချင်း’ လို့ မှားပြောနေလို့ပါတဲ့။ ‘တြာချင်း’ လို့ ရရစ်သံနဲ့ အသံထွက်မှမှန်တယ်တဲ့”
“ဟယ် -ဒုက္ခပါပဲ”
“သမီးကလည်း ရှင်းပြပါတယ်။ ယပင့်မှ ယသံ ထွက်ပါတယ်၊ ရရစ်ဆိုရင် ရကောက်သံ လျှာလိပ်သံ ထွက်ပါတယ်။ ဒါကြောင့် တြာချင်းလို့ မထွက်ရပါဘူး၊ ‘တျာချင်း’ လို့ ထွက်မှ မှန်ပါတယ်လို့ ရှင်းပြတာ လက်မခံကြဘူး ဘဘ။ သူတို့မြန်မာစာသင်လာတာ ကြာပြီ။ တျာချင်းဆိုတာ တစ်ခါမှမကြားဖူးပါဘူး။ တြာချင်းလို့ပဲ အမြဲအသံထွက်တာပါဆိုပြီး သမီးကို ငြင်းလွှတ်ကြတယ် ဘဘ။ သမီးလည်း အဲဒီကိစ္စ ဆက်မဆွေးနွေးတော့ဘဲ ဒီ့ပြင်အကြောင်းအရာကို ပြောင်းပြီးပြောရတော့တာပေါ့”
“ ဟုတ်ပါပြီ၊ ဟုတ်ပါပြီ။ သူတို့ အသံထွက်မှားနေတာကို မှားမှန်မသိဘဲ ငြင်းနေတော့ သမီးရှင်းပြရ ခက်တာပေါ့နော်”
“ဟုတ်ပါတယ် ဘဘရယ်”
“ကဲ ... ဘဘ ပြောပြမယ်။ တကယ်တော့ တဝမ်းပူ ယပင့်နဲ့ ရေးရတဲ့စာလုံးရော၊ တဝမ်းပူ ရ ရစ်နဲ့ ရေးရတဲ့ စာလုံးရော အရေအတွက်များများစားစား မရှိပါဘူးကွယ်။ သမီးသိမှာပါ”
“သိပါတယ် ဘဘ။ ဒါပေမယ့် သမီးက ရေလည်အောင် ရှင်းမပြတတ်ပါဘူး။ ဘဘရှင်းပြပေး ပါနော်”
“တဝမ်းပူ ယပင့် ရင် သမီးပြောသလို တယာလို့ အသံထွက်ရတယ်လေ။ ဒီတော့ တျာကို/ တယာ/ လို့ အသံထွက်ရတာပေါ့”(အသံထွက်ပုံကို ရေးပြလိုက်ပါသည်။)”သမီးသိတဲ့အတိုင်း ဒီအသံထွက်ဟာ မြန်မာ အဘိဓာန်မှာ ဖော်ပြထားတဲ့ အသံထွက်အမှန်ပဲ သမီးရဲ့ ။ သမီးတိတိကျကျ ပြောနိုင်အောင် ဘဘ ပြောမယ်။ ဒါက ၂၀၁၈ ခုနှစ်မှာ မြန်မာစာအဖွဲ့က တတိယအကြိမ်ပုံနှိပ်တဲ့ မြန်မာအဘိဓာန်ပဲ။ စာမျက်နှာ ၁၅၇ ကို လှန်လိုက်စမ်းပါ။ ‘တျာချင်း’ ဆိုတဲ့ တည်ပုဒ်ကို တွေ့မှာပေါ့”
“တွေ့ပါပြီ ဘဘ။ ‘တျာချင်း’ ကို /တယာဂျင်း/ လို့ အသံထွက်ပြထားပါတယ်”
“အနက်ဖွင့်ပုံကို ပြောပါဦး။ ဘယ်လိုဖွင့်သလဲ”
“ထံတျာ၊ တေတျောအသံများအနက် တျာသံ နှင့်သီကျူးသော ကဗျာသီချင်းလို့ ဖွင့်ပါတယ် ဘဘ”
“မြန်မာ့ဂီတမှာ သံစဉ်ခုနစ်ပါး ရှိတယ်။ အဲဒီအထဲက မူတည်တဲ့အသံကို တျာသံလို့ ခေါ်တယ်။ /တယာ သှန်/လို့ အသံထွက်ကို ပြထားတယ်”
“ဟုတ်ကဲ့ပါ”
“ကဲ... နောက်မှ အေးအေးဆေးဆေးရှာကြည့်ပေါ့။ အခု တဝမ်းပူယပင့်နဲ့ ရေးရတဲ့ စာလုံးတွေကို ဘဘ ပြောမယ်။ ‘တျာတျာ’ ဆိုတာ သိလား။
“ ‘နီတျာတျာ’ လို့ သုံးတာတွေ့ ဖူးပါတယ် ဘဘ”
“ဟုတ်တယ်။ ‘တျာတျာ’ ဆိုတာ နီးမြန်းသောလို့ အဓိပ္ပာယ်ရတယ်။ ‘နှုတ်ခမ်းနီတျာတျာ’၊ ‘နီတျာ နှုတ်ခမ်း’ ဆိုတာမျိုး သုံးကြတယ်။ /နီတယာ တယာ/လို့ အသံထွက်ရတယ်”
“ဟုတ်ကဲ့ပါ”
“ ‘တျားတျား’ ဆိုတာရော သိသလား”
‘‘မသိပါဘူး ဘဘ”
“ ‘တျားတျား’ ဆိုတာ ‘လုနီးပါ၊ ဆဲဆဲ’ လို့ အဓိပ္ပာယ်ရတယ်။ ရှေးကသုံးတာပေါ့။ ‘ရောက်လု တျားတျား’ ဆိုရင် ရောက်ခါနီးဆိုတဲ့ အဓိပ္ပာယ်ရတယ်။ ‘မာတျက်တျက်’ လို့ သုံးတာပေါ့”
“ဟုတ်ကဲ့ပါ”
“ ‘ရောက်လုဆဲဆဲ’ လို့ အဓိပ္ပာယ်ရတာပေါ့”
“ဟုတ်ကဲ့ မှတ်ထားပါ့မယ်”
“နောက်တစ်လုံးက ‘တျင်းတျင်း’ တဲ့၊ ဒီစကား လည်း ရှေးကသုံးတာပဲ။ အကုန်အစင်လို့ အဓိပ္ပာယ် ရတယ်။ ‘ကုန်တျင်းတျင်း’ လို့ စာထဲမှာ သုံးတယ်”
“ဟုတ်ကဲ့ပါ”
“ဂီတသံစဉ်တွေထဲမှာ ‘တျာသံ’ လိုပဲ ‘တျောသံ’ ဆိုတာရှိတယ်။ အဲဒီစာလုံးကိုလည်း တဝမ်းပူ ယပင့်နဲ့ ရေးရတယ်။ နောက်တစ်လုံးက ‘တျက်တျက်’ ဆိုတာ ရှိတယ်။ ဒီအဘိဓာန်မှာတော့ ပြမထားဘူး။ မာတယ် ဆိုတဲ့ အဓိပ္ပာယ်ရတယ်။ ‘မာတျက်တျက်’ လို့ သုံးတာ ပေါ့”
“ဟုတ်ကဲ့ပါ”
“ဒီတော့ တဝမ်းပူ ယပင့်နဲ့ရေးရတဲ့ စာလုံးတွေ ကို စုလိုက်ရင် ‘တျာချင်း၊ တျာသံ၊ တျာတျာ၊ တျောသံ၊ တျက်တျက်၊ တျင်းတျင်း’ ဆိုတဲ့ စာလုံးတွေပဲရှိတယ်။ အားလုံးကို ယပင့်သံနဲ့ အသံထွက်ရတယ်။ ရရစ်သံနဲ့ ထွက်ရင်မှားတယ် “
“ ဟုတ်ကဲ့ပါ “
“သမီးကိုပြောရဦးမယ်။ တစ်ခါက ဘဘရဲ့ တပည့် တွေကို ဘဘ ကြိမ်းဖူးတယ်။ ‘တျာချင်း’ ကို တြာချင်း /တရာဂျင်း/ဆိုပြီး ရရစ်သံ၊ ရကောက်လျှာလိပ်သံနဲ့ မှားဖတ်သံကြားရင်း ဖတ်တဲ့သူကို လျှာထုတ်ခိုင်းပြီး ဆွဲဆိတ်မယ်...လို့။ ဒါမှသူတို့ မမှားမှာလေ။ သမီးလည်း သမီးတပည့်တွေကို စမ်းချင်စမ်းကြည့်ပေါ့”
“အောင်မယ်လေး၊ မလုပ်ပါနဲ့ဘဘရယ်။ သမီး သူတို့ကို မပြောရဲပါဘူး”
“ကဲ ... ဆက်ပြီး တဝမ်းပူရရစ်တဲ့ တြသံအကြောင်း ပြောမယ်။ အသုံးအများဆုံးကတော့ ‘တြိ’ ဆိုတဲ့ စကားလုံးပဲ။ /တရိ/ လို လျှာလိပ်သံနဲ့ ထွက်ရတယ်။ အဓိပ္ပာယ်သိသလား”
“တြိဆိုတာ နံပါတ်သုံးပါ ဘဘ”
“ဟုတ်တယ်။ တြိဆိုတာ သက္ကတစကားပေါ့။ မြန်မာက အဲဒီစကားလုံးကို မွေးစားပြီး အချိုးသုံးချိုး ရှိတဲ့ကဗျာကို ‘တြိချိုး’ လို့ ခေါ်တယ်မဟုတ်လား။ /တရိဂျိုး/ လို့ ဖတ်ရတာပေါ့”
“ တြိဂံလည်းရှိတယ်နော် ဘဘ”
“ဟုတ်တာပေါ့။ ထောင့်သုံးထောင့်ပါတဲ့ပုံကို တြိဂံလို့ ခေါ်တာပဲလေ။ စာပေထဲမှာ ‘တြိဖလ’ တို့၊ ‘တြိဒေါသ’ တို့ ဆိုတဲ့ အသုံးတွေရှိတယ်။ တြိကတော့ နံပါတ်သုံးကို ဆိုလိုတာပဲ”
“ဟုတ်ကဲ့ပါ”
“သမီးတော့ ကြားဖူးမလား မသိဘူး။ ငရုတ် ကောင်းရယ်၊ ပိတ်ချင်းရယ်၊ ဂျင်းရယ် သုံးမျိုးပေါင်း ထားတဲ့ ဆေးကို ‘တြိကဋုက်’ လို့ခေါ်တယ်။ အဲဒီမှာလည်း ‘တြိ’ က သုံးပဲလေ”
“မကြားဖူးပါဘူး ဘဘ”
“နောက်တစ်လုံးရှိသေးတယ်။ ‘တြင်း’ ဆိုတဲ့ အသုံးလေ။ ဗေဒင်မှာသုံးတဲ့ စကားပဲ။ တစ်ရာသီရဲ့ သုံးစိတ်တစ်စိတ်ကို ‘တြင်း’ လို့ခေါ်တယ်။ ဗေဒင်တွက် ရာမှာ ‘တြင်းကျေ နဝင်းကျေ’ ဆိုတဲ့ အသုံးရှိတယ်။ ကိန်းဂဏန်းတစ်ခုကို သုံးနဲ့စားလိုပြတ်ရင် တြင်းကျေ တယ်လို့ ခေါ်တယ်။ ကိုးနဲ့စားလို့ပြတ်ရင် နဝင်းကျေ တယ်လို့ ခေါ်တယ်”
“ဟုတ်ကဲ့ပါ”
“ဒီတော့ တဝမ်းပူရရစ်နဲ့ရေးရတဲ့ စာလုံးတွေကို စုလိုက်ရင် များများစားစား မရှိပါဘူး။ တြိရယ်၊ တြင်းရယ် အရင်းခံက ဒီနှစ်လုံးပဲရှိတာပါ။ တြိချိုးတို့၊ တြိဂံတို့က သမီးနဲ့ရင်းနှီးပြီးသားပါ။ ဒီစကားလုံးတွေကို ရကောက် လျှာလိပ်သံနဲ့ ဖတ်ရတယ်”
“နားလည်ပါပြီ ဘဘ”
“ဒီတော့ မြန်မာစာအဖွဲ့ကထုတ်တဲ့ မြန်မာ အဘိဓာန်ကို အကိုးအကားပြုပြီး ဘယ်စာလုံးကို ‘တျ’ နဲ့ ရေးရတယ်။ ဘယ်စာလုံးကို ‘တြ’ နဲ့ ရေးရတယ် ဆိုတာ သမီးတပည့်တွေကိုရော၊ ဆွေးနွေးပွဲမှာ မြန်မာစာအကြောင်းဆွေးနွေးမယ့် ဆရာ ဆရာမ တွေကိုရော အကျိုးသင့် အကြောင်းသင့် ရှင်းပြလိုက် ပေါ့ကွယ်”
“ကျေးဇူးတင်ပါတယ် ဘဘ”