တာလီဘန်အစိုးရက တောင်းရမ်းသူများကို အလုပ်အကိုင်နှင့် ပညာရေးများ ဖန်တီးပေးမည်

 

ကဘူးလ် သြဂုတ် ၉

 

အာဖဂန်၌ လမ်းများပေါ်၌ တောင်းရမ်းစားသောက်ခြင်းကို ပိတ်ပင်တားဆီးသွားမည် ဖြစ်ကြောင်းနှင့် အလုပ်အကိုင် သို့မဟုတ် ပညာရေး ဖန်တီးပေးသွားမည်ဖြစ်ကြောင်း တာလီဘန်အစိုးရ ထိပ်တန်းခေါင်းဆောင်က အမိန့် ထုတ်ပြန်ခဲ့ကြောင်း နိုင်ငံပိုင် သတင်းအေဂျင်စီတစ်ခု ဖြစ်သည့် ဘာ့ခ်တာသတင်း အေဂျင်စီတွင် သြဂုတ် ၇ ရက်က ဖော်ပြခဲ့သည်။

 

ကဘူးလ်မြို့ လမ်းမများထက်က တောင်းရမ်းသူများကို စုဝေးပြီး ပြဿနာ၏ အဖြေကိုရှာရန် သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များကို ထိပ်တန်းခေါင်းဆောင် ဟီဘာတူလာ အခွန်ဒ်ဇာဒါးက တိုက်တွန်း ပြောကြားလိုက်သည်။

 

တောင်းရမ်းသူများ အားလုံးကို စစ်တမ်းကောက်ယူသွားမည်ဖြစ်ပြီး နောက်ထပ်တစ်ကြိမ် လမ်းပေါ်ထွက် တောင်းရမ်းစားသောက်ပါက ၎င်းတို့ကို ထိန်းသိမ်းစောင့်ရှောက်သူက တာဝန်ယူရမည်ဖြစ်ကြောင်း တာလီဘန် အဆင့်မြင့်ခေါင်းဆောင်က ပြောသည်။

 

ထို့ပြင် အစိုးရက အရွယ်ရောက် တောင်းရမ်းသူများကို ၎င်းတို့ ကျွမ်းကျင်သည့်အလုပ်များ ပေးအပ်သွားမည်ဖြစ်ပြီး အရွယ် မရောက်သေးသူများကို ကျောင်းတက်ရောက်စေမည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

 

ထို့အတူ အလုပ်လုပ်ရန် အင်အားချည့်နဲ့နေသည့် တောင်းရမ်းသူများရှိပါက အစိုးရကလစဉ်ကြေး ထောက်ပံ့ပေးသွားမည် ဖြစ်သည်။

 

လူဦးရေ ၃၅ သန်းကျော် ရှိသည့်အနက် သန်း ၂၀ နီးပါး စားနပ်ရိက္ခာ ပြတ်တောက်မှုနှင့် ကြုံတွေ့နေရကြောင်း ကမ္ဘာ့ စားနပ်ရိက္ခာအစီအစဉ် (ဒဗလျူ အက်ဖ်ပီ) ၏ဖော်ပြချက်အရ သိရသည်။

ဆင်ဟွာ