တာလီဘန်စစ်သွေးကြွများနှင့်အာဖဂန်တပ်ဖွဲ့ တိုက်ပွဲဖြစ်ပွား ခြောက်ဦးသေဆုံး

၂၃ ဇန်နဝါရီ

အာဖဂန်နစ္စတန်နိုင်ငံ တာဟားပြည်နယ်မြောက်ပိုင်း ဘာဟာရတ်ခ်ခရိုင်ရှိ လုံခြုံရေး စစ်ဆေးရေးဂိတ်များကို တာလီဘန်တပ်ဖွဲ့ကတိုက်ခိုက်ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့များက ပြန်လည်တိုက်ခိုက်ခဲ့သောကြောင့် စစ်သွေးကြွများထိခိုက်သေဆုံးမှုများ ဖြစ်ပွားပြီး ထွက်ပြေးသွားခဲ့ကြကြောင်း ပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ မိုဟာမက်ဂျာဝတ်ဟာဂျာရီက ယနေ့ပြောကြားခဲ့သည်။

တာလီဘန်စစ်သွေးကြွ အုပ်စုတစ်စုသည် ယနေ့မနက်စောပိုင်းက ဘာဟာရတ်ခ်ခရိုင်ရှိ လုံခြုံရေးစစ်ဆေးရေးဂိတ်များကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့သော်လည်း လုံခြုံရေးတပ်ဖွဲ့များက ပြန်လည်တိုက်ခိုက်ခဲ့ကြသဖြင့် စစ်သွေးကြွ လေးဦးသေဆုံးခဲ့ပြီး ကျန်စစ်သွေးကြွများ ထွက်ပြေးသွားခဲ့ကြောင်း ထိုတာဝန်ရှိသူ၏ ပြောကြားချက်အရ သိရသည်။

ထိုတိုက်ပွဲဖြစ်ပွားရာတွင် ရဲတပ်ဖွဲ့ တာဝန်ရှိသူ နှစ်ဦးလည်း သေဆုံးခဲ့ပြီး ရဲတပ်ဖွဲ့တာဝန်ရှိသူ တစ်ဦးနှင့် စစ်သွေးကြွနှစ်ဦးအပါအဝင် အခြားသုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း ယင်းတာဝန်ရှိသူက အခိုင်အမာဆိုသည်။

တာလီဘန်စစ်သွေးကြွများကမူ ယင်းတိုက်ပွဲနှင့်ပတ်သက်ပြီး ယခုချိန်ထိ မှတ်ချက်ပြု ပြောကြားခြင်းမရှိသေးပေ။

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို