တာမွေမြို့နယ်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ တစ်နိုင်ငံလုံး အမှတ်အများဆုံးရရှိသူတစ်ဦး ထွက်ပေါ်

တာမွေ ဇွန် ၁၁

 

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်အပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ မြို့နယ်ပညာရေးမှူးရုံးများနှင့် အခြေခံပညာစာစစ်ဌာနကျောင်းများ၌ ယနေ့နံနက် ၆ နာရီမှစတင်ကာ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဖြေဆိုအောင်မြင်ခဲ့ကြသည့် ကျောင်းသား/ကျောင်းသူများ၏ အမည်စာရင်းများကို တစ်ပြိုင်နက်တည်း ထုတ်ပြန်ကြေညာခဲ့ရာ ရန်ကုန်မြို့ တာမွေမြို့နယ်တွင် ကျောင်းသား/ကျောင်းသူ (၁၃၇)ဦး ဖြေဆိုအောင်မြင်ခဲ့ပြီး အောင်မြင်မှုရာခိုင်နှုန်းအနေဖြင့် ၅၄ ဒသမ ၂ ရာခိုင်နှုန်းရှိ၍ စုစုပေါင်းရမှတ် (၅၅၇)မှတ် သိပ္ပံဘာသာတွဲဖြင့် မြန်မာတစ်နိုင်ငံလုံး အမှတ်အများဆုံး ကျောင်းသားတစ်ဦး ပေါ်ထွက်ခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

 

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ မြို့နယ်အတွင်းရှိ အခြေခံပညာ‌ကျောင်းအသီးသီးမှ ကျောင်းသား (၁၁၃)ဦး၊ ကျောင်းသူ (၁၀၅)ဦး စုစုပေါင်း ကျောင်းသား/ကျောင်းသူ (၂၁၈)ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး ကျောင်းသား(၆၁)ဦး၊ ကျောင်းသူ(၆၇)ဦး စုစုပေါင်း ကျောင်းသား/ကျောင်းသူ (၁၂၈)ဦး ဖြေဆိုအောင်မြင်ခဲ့ကြောင်း၊ ပြင်ပမှဖြေဆိုသူ ကျောင်းသား (၁၃)ဦး၊ ကျောင်းသူ (၂၂)ဦး စုစုပေါင်း ကျောင်းသား/ကျောင်းသူ (၃၅)ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး ကျောင်းသား (၄)ဦး၊ ကျောင်းသူ (၅)ဦး စုစုပေါင်း ကျောင်းသား/ကျောင်းသူ (၉)ဦး ဖြေဆိုအောင်မြင်ခဲ့ရာ စုစုပေါင်း မြို့နယ်အတွင်း ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုအောင်မြင်သူ ကျောင်းသား (၆၅)ဦး၊ ကျောင်းသူ (၇၂)ဦး စုစုပေါင်း ကျောင်းသား/ကျောင်းသူ (၁၃၇)ဦး ဖြေဆိုအောင်မြင်ခဲ့ကြောင်း၊ အောင်ချက်ရာခိုင်နှုန်းအနေဖြင့် ၅၄ ဒသမ ၂ ရာခိုင်နှုန်းရှိရာ ခြောက်ဘာသာဂုဏ်ထူးရှင် (၆)ဦး၊ ငါးဘာသာဂုဏ်ထူးရှင် (၂)ဦး၊ လေးဘာသာဂုဏ်ထူးရှင် (၁)ဦး၊ သုံးဘာသာဂုဏ်ထူးရှင် (၃)ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် (၃)ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် (၈)ဦး စုစုပေါင်းဂုဏ်ထူးရှင် (၂၃)ဦး ထွက်ပေါ်ခဲ့ကြောင်း သိရသည်။

 

ထိုကဲ့သို့ တာမွေမြို့နယ်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများ ထုတ်ပြန်ကြေညာရာ၌ လာရောက်ကြည့်ရှုသူများအနေဖြင့် အခက်အခဲမရှိ အဆင်ပြေချောမွေ့စွာ ကြည့်ရှုနိုင်စေရေးအတွက်လည်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးဌာနမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာ စာစစ်ဌာနအသီးသီးမှ ကျောင်းအုပ်ကြီးများနှင့် ဆရာ/ဆရာမများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများက လိုအပ်သည်များ ဝိုင်းဝန်းပူးပေါင်းကူညီ ဆောင်ရွက်ပေးခဲ့ကြသည်။ ၂၀၂၄ ခုနှစ် တက္ကသိုလ်စာမေးပွဲ အောင်စာရင်းများကို ပညာရေးဝန်ကြီးဌာနဝက်ဆိုဒ်တွင် ဝင်ရောက်ကြည့်ရှုနိုင်သလို ယခုနှစ်တွင် လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ စာစစ်ဌာနများ၏ အောင်စာရင်းများကိုလည်း ယနေ့နံနက် ၆ နာရီတွင် မြန်မာ့အသံ(ရေဒီယို) တိုင်းရင်းသားအစီအစဉ်များမှ တစ်ပြိုင်နက်တည်း ထုတ်လွှင့်ကြေညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

နိုင်လင်းအောင်(ပြန်/ဆက်)